လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ခုနစ်သန်းကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ခုနစ်သန်းကျော် လျော့ကျ
ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 5 May 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၇ သန်းကျော် လျော့ကျခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ခုနစ်လခန့်တွင် ပြည်ပသို့ သဘာဓာတ်ငွေ့ တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်အထိ ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာခုနစ်သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ဒီကာလမှာက သဘာဝဓာတ်ငွေ့က တင်ပို့မှုအရင်ထက်လျော့တယ်။ တန်ဖိုးကလည်း ဒေါ်လာ ခုနစ်သန်းလျော့တယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

အစိုးရသက်တမ်း တတိယတစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်းရေနံစိမ်းစည် ၃ဒသ မ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၆၂၃၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် မေလ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သတ်ပြီး ရှင်းလင်းပြောချက်များကို မေလ ၁၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

တတိယတစ်နှစ်တာ ကာကလအတွင်း မြန်မာ့ရေနံနှင့်သဘာဝလုပ်ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေရေးနှင့်ဖွံ့ဖြိုးရေးတွင်း ၂၃ တွင်းနှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်း တွင်း ၄၀ တူးဖော်ခဲ့ပြီး ရေနံစိမ်းစည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ၁၉၀၁၉ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတကာကုမ္ပဏီများမှ ကမ်းလွန်အပိုင်းတွင် ၄၆ တွင်း တူးဖော်ခဲ့ပြီး ရေနံ(လေဆီ)စည် ၁ ဒသမ ၀၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

တတိယတစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်ရေနံစိမ်းစည် စုစုပေါင်း ၃ ဒသမ ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ ၆၂၃၈၃၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

လစ်လပ်လျက်ရှိသော ကုန်းတွင်းပိုင်း လုပ်ကွက် ၁၈ ကွက်နှင့် ကမ်းလွန်လုပ်ကွက် ၁၅ ကွက်တို့အား ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြင့်ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုများကို မကြာမီ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

ကမ်းလွန် ၁၅ကွက်တွင် A-2, AD- 4, AD- 10, AD- 12, AD- 13, AD- 14, AD- 15, AD- 16, M- 1, M- 10, M- 16, MD- 1, MD- 3, MD- 6, MD- 8 တို့ဖြစ်ကြောင်း  Rakhine Investment Opportunity Survey တွင် ဖော်ပြထားသည်။

ကုန်းတွင်း ၁၈ ကွက်တွင် PSC- C2, PCS-J, PSC- L, PSC- M, PSC- T, PSC- U, PSC- V, RSF- 2, RSF- 3, RSF- 4, RSF- 7, RSF- 10, IOR-3, IOR-4, MOGE-6, MOGE-7, MOGE- 8 တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်အထိရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။                                          

 

 

Most Read

Most Recent