၂၀၂၀ ပြည့်နှစ် မတ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁၀ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၁၀ လဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်နေ

၂၀၂၀ ပြည့်နှစ် မတ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁၀ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၁၀ လဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်နေ
 ရန်ကုန်မြို့ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ရှိုင်းလင်းအောင်)
ရန်ကုန်မြို့ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 5 May 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် မတ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁၀ ရာခိုင်နှုန်း ရှိပြီးပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ၁၀ လ ဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်တွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၉ ဒသမ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် မတ်အထိ တစ်နှစ်ပျမ်းမျှ ၉ ဒသမ ၁၀ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း Year On Year Inflation မှာ ၆ ဒသမ ၆၁ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၉၆ ရာ ခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ၁၂ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ခဲ့ကာ မကွေးတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်လအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့ တွင် ၁၂ ဒသမ ၃၆ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်တွင် ၂ ဒသမ ၈၁ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေး ဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် Base Year အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွ့ံဖြိုးတိုးတက်မှု ဒုတိယ ကာလတိုငါးနှစ်စီမံကိန်း (၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent