မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေ ဧပြီတွင် ဖရိုဖရဲ အနေအထားဖြင့် ထိုးကျခဲ့ပြီး COVID-19 ကြောင့် ထုတ်လုပ်မှု၊ အော်ဒါရရှိမှု၊ သွင်းကုန်လက်ကျန်နှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်သစ်နှုန်းများဖြင့် ကျဆင်း

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေ ဧပြီတွင် ဖရိုဖရဲ အနေအထားဖြင့် ထိုးကျခဲ့ပြီး COVID-19 ကြောင့် ထုတ်လုပ်မှု၊ အော်ဒါရရှိမှု၊ သွင်းကုန်လက်ကျန်နှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်သစ်နှုန်းများဖြင့် ကျဆင်း
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ှရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ှရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 5 May 2020
စည်သူအောင်

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေ ဧပြီတွင် ဖရိုဖရဲအနေအထားဖြင့် ဆက်လက် ထိုးဆင်းသွားပြီး COVID-19 ကြောင့် ထုတ်လုပ်မှု၊ အော်ဒါရရှိမှု၊ သွင်းကုန်လက်ကျန်နှင့် ကုန်ချောသိုလှောင် ထားမှုများ စံချိန်သစ်နှုန်းများဖြင့် ကျဆင်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ် ဧပြီအတွက် ထုတ်ပြန်သော နစ်ကေး မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

ဧပြီစစ်တမ်းဒေတာအရ မြန်မာ့ကုန်ထုတ်လုပ်ရေး ကဏ္ဍသည် COVID-19 ဖြစ်ပွားမှု နက်ရှိုင်းလာခဲ့မှုကြောင့် စီးပွားရေး ကျဆင်းလာခဲ့သဖြင့် အရှိန်အဟုန်ဖြင့် ကျဆင်းခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ အကျပ်အတည်း အကြားတွင် ဝယ်လိုအား ကုန်ခမ်းသွားခဲ့ပြီး အလုပ်သမားများ ၎င်းတို့၏ ဇာတိနေရပ်များသို့ ပြန်သွားခဲ့ကြ၍ ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ ကုန်ပစ္စည်းဝယ်ယူမှုများနှင့် အလုပ်နေရာ အသီးသီးတို့သည် စံချိန်တင်နှုန်းသစ်များဖြင့် ကျဆင်းလာခဲ့သည်။ နောက်ဆုံးစစ်တမ်းမှ အပြုသဘောရလဒ်ဆို၍ လာမည့် ၁၂ လအတွက် ထုတ်လုပ်ရေး မျှော်မှန်းချက်များမှာ အနုတ်လက္ခဏာ ဖြစ်မသွားခြင်းဖြစ်သည်။

မြန်မာ PMI သည် မတ်လတွင် ၄၅ ဒသမ ၃ ရှိခဲ့ရာမှ ဧပြီတွင် ၂၉ သို့ ထိုးကျခဲ့ပြီး မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှု အခြေအနေများ အပြင်းအထန် ထိုးကျသွားမှုကို အချက်ပြနေသည်။ PMI အညွှန်းကိန်း တစ်လပြီးတစ်လ ၁၆ ဒသမ ၃ သို့ ထိုးကျသွားမှုမှာ မတ်လတွင် စာရင်းသွင်းခဲ့သည့် ကျဆင်းမှုအမှတ် ၄ ဒသမ ၅ ရှိခဲ့ရာမှ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစ၍ စစ်တမ်းအတွင်း မြင်တွေ့ခဲ့ရသည် အကြီးမားဆုံး ကိန်းဖြစ်သည်။

PMI တွက်ချက်မှုတွင် ၇၅ ရာခိုင်နှုန်းအထိ အလေးတင်ပေးခံကြရသည့် ထုတ်လုပ်မှု၊ အော်ဒါသစ်များနှင့် အလုပ်နေရာများ အသီးသီး ဧပြီတွင် စံချိန်တင်နိမ့်ကျ သွားခဲ့ကြသည်။ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ရှေ့ဆက်ပိုကြာ လာခဲ့ကြရာ PMI အညွှန်းကိန်း၏ ယေဘုယျကျဆင်းမှုကို ရှေ့ဆက်၍ ဖေးမခဲ့သော်လည်း မတ်လကုန်ကထက် နည်းပါးခဲ့သည်။ နောက်ဆုံး PMI အစိတ်အပိုင်းဖြစ်သော ကုန်ပစ္စည်းသိုလှောင်မှုများမှာ မှတ်တမ်းထဲတွင် တတိယ အမြန်ဆုံးနှုန်းဖြင့် ကျဆင်းသွားခဲ့သည်။

COVID-19 ကပ်ရောဂါ ပျံ့နှံမှုကြောင့် လုပ်ငန်းများကို ရပ်ဆိုင်းလာခဲ့၍ ဧပြီတွင် အော်ဒါသစ်များရရှိမှု လျော့နည်းခဲ့ ကြောင်း စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၈၀ ရာခိုင်နှုန်းခန့်က အစီရင်ခံခဲ့ကြသည်။ အလားတူနီးပါးရှိသော ကုမ္ပဏီများကမူ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ပြီး အလုပ်သမားများ နေရပ်ပြန်သွားခဲ့ကြ၍ ဧပြီလအတွင်း ထုတ်လုပ်မှု ကျဆင်းခဲ့သည်ဟု အစီရင်ခံခဲ့ကြသည်။ ထုတ်လုပ်မှုနှင့် အလုပ်ခန့်အပ်မှုဆိုင်ရာ အညွှန်းကိန်းနှစ်ရပ်မှ စစ်တမ်းသမိုင်းတွင် အနိမ့်ဆုံးနှုန်းဖြစ်သည်။

ဧပြီလထဲတွင် မြန်မာကုန်ထုတ်လုပ်ငန်း ယူနစ်အများအပြားတို့သည် ထုတ်လုပ်မှုကို ရပ်တန့်ခဲ့ကြရသော်လည်း လက်ထဲကျန်ရစ်ခဲ့့သည့် လုပ်ငန်းများမှာ စံချိန်တင် အများဆုံးနှုန်းဖြင့် ဆက်လက်ကျဆင်းလာခဲ့ပြီး အလုပ်သစ်ဝင်လာမှု ရုတ်တရက် ထိုးကျသွားခြင်းကို ထင်ဟပ်နေသည်။ ကုန်ချောလက်ကျန်စာရင်းများ မကြုံစဖူး ကျဆင်းမှုကိုလည်း စာရင်းသွင်းခဲ့ကြပြီး သုံးလဆက်တိုက် စံချိန်တင် ကျဆင်းသွားခဲ့သည်။

အလုပ်သစ်ရရှိမှု စံချိန်တင် ကျဆင်းလာခဲ့မှုကို အကြောင်းပြပြီး ဝယ်ယူရေး လုပ်ငန်းများကို ဧပြီတွင် အကြီးအကျယ် လျှော့ချခဲ့ကြသည်။ သွင်းကုန်ဝယ်ယူမှုများမှာ စံချိန်တင် အရှိန်ဖြင့် ကျဆင်းလာခဲ့ပြီး ဝယ်ယူထားသည့် သိုလှောင်ကုန်များမှာ စစ်တမ်းသမိုင်းအတွင်း တတိယ အမြန်ဆုံးနှုန်းဖြင့် ကျဆင်းသွားခဲ့သည်။ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ဆက်ပြီး တိုးမြင့်လာခဲ့သော်လည်း မတ်နှင့်စာလျှင် ကြန့်ကြာမှု ပိုနည်းလာသည်။

စျေးနှုန်းများဆိုင်ရာ နောက်ဆုံးဒေတာမှ ထုတ်လုပ်ကြသူများထံတွင် သွင်းကုန်ပျမ်းမျှစရိတ်စကများ မြင့်မားလာခဲ့ခြင်းကို ပြသနေရာ မတ်တွင် ကျဆင်းခဲ့ခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သို့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းမှာ အသင့်အတင့်မျှသာ ရှိခဲ့သည်။ ယင်းအတောအတွင်း ထုတ်လုပ်ခဲ့သည့် ကုန်စည်များအတွက် တောင်းခံသည့် စျေးနှုန်းများမှာ ငါးလအတွင်း လေလမြောက် ကျဆင်းလာခဲ့သော်လည်း မတ်နှင့်စာလျှင် အားပျော့ခဲ့သည်။

အဆိုပါ စစ်တမ်းကို ပြုစုပေးသည့် HIS Markit မှ စီးပွားရေးပညာရှင် Trevor Balchin က “မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍက ကပ်ရောဂါကြောင့်၊ ကမ္ဘာ့စီးပွားရေး ထိုးနှက်ချက်ကြောင့် ဧပြီမှာ ဆက်ကျသွားခဲ့ပြီး ၂၉ အထိ ထိုးဆင်းခဲ့ပါတယ်” ဟု ပြောကြားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို HIS Markit က စက်မှုကုန်ထုတ် လုပ်ငန်းများထံမှ ကောက်ယူစုစည်း ရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။

 

Most Read

Most Recent