ဘောလုံးပွဲများ ပြန်ကစားရမည်ကို ပရီးမီးယားလိဂ်ကစားသမားအချို့ စိုးရိမ်နေပြီး မိမိတို့၏နိုင်ငံများမှ အစိုးရတာဝန်ရှိသူများထံ ဆက်သွယ်ကာ အကြံညဏ်တောင်းခံ

ဘောလုံးပွဲများ ပြန်ကစားရမည်ကို ပရီးမီးယားလိဂ်ကစားသမားအချို့ စိုးရိမ်နေပြီး မိမိတို့၏နိုင်ငံများမှ အစိုးရတာဝန်ရှိသူများထံ ဆက်သွယ်ကာ အကြံညဏ်တောင်းခံ
Photo : vbet newa
Photo : vbet newa
Published 4 May 2020

 

ပရီးမီးယားလိဂ်ကစားသမားအချို့မှာ ဇွန်လအ တွင်း ဘောလုံးပွဲများပြန်ကစားရမည်ကို စိုးရိမ်ပူပန်နေကြပြီး ကလပ်အသင်းများအနေဖြင့် ကစားသမားများ၏ ဆန့်ကျင်ကန့်ကွက်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များကို ဇွန်(၈) ရက်နေ့တွင် ပြန်လည်ကျင်းပရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိနေရာ ဘောလုံးပွဲများကစားရာမှ ကိုရိုနာဗိုင်း ရပ်စ်ရောဂါပိုး ကူးစက်ခံရမည်ကို ကစားသမားများက စိုးရိမ်နေခြင်းဖြစ်သည်။ 

ပရီးမီးယားကစားသမားများက ကလပ်အသင်းများ ငွေကြေးဆုံးရှုံးမှုနည်းပါးစေရန်အတွက် ၎င်းတို့၏ကျန်းမာရေးကို အထိခိုက်ခံကာ စွန့်စားရမည်ဟု ယူဆနေကြကြောင်း Mirror က ဖော်ပြခဲ့သည်။ 

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လုံးလုံးလျားလျားဖျက်သိမ်းခဲ့ပါက ရုပ်သံဝင်ငွေများ၊ စပွန်ဆာဝင်ငွေများအပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းများ ဆုံးရှုံးနိုင်သည့် ငွေကြေးစုစုပေါင်းမှာ ပေါင်(၁.၃)ဘီလီယံအထိရှိ ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ဆုံးရှုံးငွေ နည်းပါးစေရန်အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ် တာဝန်ရှိသူများက ရာသီလက်ကျန်ပွဲစဉ်များကို ကစားရန် စီစဉ်လျက်ရှိနေခြင်းဖြစ်သည်။ 

သို့ သော် လက်တွေ့ပွဲကစားရမည့် ဘောလုံးသမားအချို့မှာ စိုးရိမ်စိတ်ကြီးမားနေပြီး နိုင်ငံခြားသားဘောလုံးသမားအချို့မှာလည်း ၎င်းတို့သက်ဆိုင်ရာနိုင်ငံများရှိ အစိုးရတာဝန်ရှိသူများနှင့်ဆက်သွယ်ကာ အကြံညဏ်များ တောင်းခံနေကြကြောင်း သိရှိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ဘွန်ဒစ်လီဂါကလပ် ကိုလုံးအသင်းသည် အသင်းလိုက်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ခဲ့ပြီးမှ အသင်းမှ ကစားသမား(၃)ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ 

သို့ဖြစ်ရာ ကစားသမားအချင်းချင်း လေ့ကျင့်ရာမှဖြစ်စေ၊ ပွဲကစားရာမှဖြစ်စေ ရောဂါပိုးကူးစက်ခံရမည်ကို ပရီးမီးယားလိဂ်ကစားသမားများက စိုးရိမ်နေပြီး ၎င်းတို့၏မိသားစုများအတွက်ကိုပါ ပူပန်သောကရောက်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ဥရောပဘောလုံးအေးဂျင့်များအဖွဲ့ချုပ်(EFFA)၏ ဥက္ကဋ္ဌဖြစ်သူ ဒတ်ချ်လူမျိုးအေးဂျင့် ရော့ဘ်ယန်ဆန်က ကိုရိုနာကပ်ဆိုးကာလအတွင်း ဘောလုံးပွဲများ ပြန်ကစားရန်ကိစ္စနှင့်ပတ်သက်ပြီး ကစားသမားများနှင့် ကလပ်အသင်းများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

''ဘောလုံးပွဲတွေကို ပြန် ကစားဖို့ ကြိုးစားနေတာ ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ကလပ်အသင်းက ဝန်ထမ်းတွေအားလုံးကို ဟိုတယ်တွေမှာ သီးခြားထားရှိဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ တကယ်လို့ တစ်ယောက်မှာသာ ဗိုင်းရပ်စ်ပိုးရှိခဲ့မယ်ဆိုရင် ဟိုတယ်မှာရှိနေတဲ့သူအားလုံး ဒုက္ခရောက်ပြီပေါ့။ အင်္ဂလန်ကလပ်တွေ ကြုံတွေ့နေတဲ့ ဘဏ္ဍာရေးဖိအားတွေကိုလည်း သ ဘောပေါက်ပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲတွေ ပြန်စဖို့ဆိုတာလည်း ပြဿနာများစွာရှိနေပါတယ်''ဟု ရော့ဘ်ယန်ဆန်က ပြောကြားခဲ့သည်။

 

Most Read

Most Recent