ခရီးသွားလုပ်ငန်းစီမံချက်ကို ကယားပြည်နယ်တွင် အကောင်အထည်ဖော်ခဲ့ပြီး ကျန်ဒေသအချို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဒေါ်လာ ၂ ဒသမ ၉ သန်းတန်ဖိုးရှိ စီမံကိန်းအား ၂၀၂၁ ခုနှစ်အထိ ဆက်လက်ဆောင်ရွက်မည်

ခရီးသွားလုပ်ငန်းစီမံချက်ကို ကယားပြည်နယ်တွင် အကောင်အထည်ဖော်ခဲ့ပြီး ကျန်ဒေသအချို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဒေါ်လာ ၂ ဒသမ ၉ သန်းတန်ဖိုးရှိ စီမံကိန်းအား ၂၀၂၁ ခုနှစ်အထိ ဆက်လက်ဆောင်ရွက်မည်
ချင်းပြည်နယ်ရှိ ကနေဒီတောင်ကိုတွေ့ရစဉ် (ဓာတ်ပုံ- အောင်သူထွန်း)
ချင်းပြည်နယ်ရှိ ကနေဒီတောင်ကိုတွေ့ရစဉ် (ဓာတ်ပုံ- အောင်သူထွန်း)
Published 2 May 2020
နီလာ

အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းစီမံချက်ကို ကယားပြည်နယ်တွင် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကျန်ဒေသအချို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဒေါ်လာ ၂ ဒသမ ၉ သန်း တန်ဖိုးရှိ စီမံကိန်းအား ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နယ်သာလန်နိုင်ငံ CBI အဖွဲ့အစည်းမှ ကယားပြည်နယ်အခြေပြု အားလုံးပါဝင်သော (INCLUSIVE Tourism Focusing on Kayah State) ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကယားပြည်နယ်၏ ကျန်ဒေသအချို့  အပါအဝင် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆက်လက်အကောင်အထည်ဖော်ရန်အတွက် ဒေါ်လာ ၂ ဒသမ ၉ သန်းတန်ဖိုးရှိ စီမံကိန်းကို ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

“ စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှုတွေ တိုးတက်လာစေဖို့အတွက် ဥယျာဉ်ခြံ စိုက်ပျိုးထောင်နိုင်မှုစွမ်းရည်နဲ့ ခရီးသွား ဆက်စပ်လုပ်ငန်းတွေ အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ အင်းလေးကန်အနီးမှာ UNOPS ၊ ITC ၊ UNIDO ၊ UNCTAD နဲ့ ILO အဖွဲ့အစည်းတွေကနေ ပံ့ပိုးတဲ့ ဒေါ်လာ ၄ ဒသမ ၉၀၁ သန်းနဲ့ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပခရီးသွားလုပ်ငန်း (Outbound Tour) များ အရည်အသွေးပြည့်မီစေရေးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာကြမည့် မြန်မာနိုင်ငံသားများကို Quarantine ပြုလုပ်ရေးအတွက် လိုအပ်သည့် ဟိုတယ်များ ခွင့်ပြုပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၂၈ ရက်က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

COVID-19 အလွန်ကာလ၌ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး ဆောင်ရွက်ရာတွင် ပြည်ပခရီးသွားလုပ်ငန်း (Outbound Tour) များ စနစ်တကျ အရည်အသွေးပြည့်မီရေးနှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးရာတွင် စနစ်တကျနှင့် ခရီးသွားများ ကျန်းမာရေး၊ ခရီးစဉ် လည်ပတ်ရေးမှစ၍ အာမခံမှုရှိအောင် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ခရီးသွားများအား အဆင်ပြေပြေ အာမခံချက်ရှိရှိ ခရီးသွားနိုင်ရန် တာဝန်ယူ တာဝန်ခံပေးရမည်ဖြစ်သကဲ့သို့ ခရီးသွားများကို ဝန်ဆောင်မှုပေးမည့် လုပ်ငန်းရှင်များ လုပ်ငန်းကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ပခရီးသွားလုပ်ငနးများ အရည်အသွေး ပြည့်မီစေရေးဆိုင်ရာများ၊ COVID-19 အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် အခြေအနေများနှင့်COVID-19 ရောဂါ ကာကွယ်ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းရှင်များက အဆိုပါအစည်းအဝေးတွင် တင်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent