ဒေါ်လာငါးသန်းကျော်နှင့် ကျပ်သန်း ၁၂၀၀ ကျော်ရှိကာ အလုပ်အကိုင် ၁၉၀၀ ဖန်တီးပေးနိုင်မည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခု ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခွင့်ပြု

ဒေါ်လာငါးသန်းကျော်နှင့် ကျပ်သန်း ၁၂၀၀ ကျော်ရှိကာ အလုပ်အကိုင် ၁၉၀၀ ဖန်တီးပေးနိုင်မည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခု ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခွင့်ပြု
Published 2 May 2020
နီလာ

ဒေါ်လာငါးသန်းကျော်နှင့် ကျပ်သန်း ၁၂၀၀ ကျော်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၉၀၀ ဖန်တီးပေးနိုင်မည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းငါးခုကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မီက ခွင့်ပြုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဧပြီ ၂၉ ရက်က Video Conferencing ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၀) ကို ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုတို့ကို အတည်ပြုပေးခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မ,တည်ငွေရင်းပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၅ ဒသမ ၈၂၁ သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မ,တည်ငွေရင်း ပမာဏစုစုပေါင်းမှာ ကျပ်သန်း ၁၂၅၅ ဒသမ ၀၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၉၀၀ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ဆောင်ရွက်နိုင်ရေး MIC က ခွင့်ပြုနေပြီး ခြောက်လကျော်အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၃၆၇ ဘီလျံကျော်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။

COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/ ၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို ဧပြီ ၂၈ ရက်က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်းသုံးခုမှ မ,တည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် အိမ်ရာ၊ အဆောက်အအုံကဏ္ဍတို့မှ လုပ်ငန်းအသစ် ငါးခုကို ခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ရင်းနှီးမြှုပ်နှံမှု ပမာဏမှ ဒေါ်လာ ၆၄ ဒသမ ၅၉၄ သန်းနှင့် ကျပ် ၁၀၈၄၀ ဒသမ ၁၃၄ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၄၄ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၂၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent