ဥရောပသမဂ္ဂနှင့် ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိနှင့် အခြားအဆင့် ၁၄ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းထပ်တိုး

ဥရောပသမဂ္ဂနှင့် ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိနှင့် အခြားအဆင့် ၁၄ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းထပ်တိုး
Published 29 April 2020

ဥရောပသမဂ္ဂနှင့် ဗြိတိန်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိနှင့် အခြားအဆင့် ၁၄ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်း ထပ်မံတိုးမြှင့်ခဲ့သည်။

ဥရောပသမဂ္ဂ (EU) အနေဖြင့် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က Council Implementing Regulation (EU) 2020/562 (The Amending Regulation) ကို ထုတ်ပြန်ပြီး မြန်မာနိုင်ငံအား လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ခြင်းကို ၂၀၂၁ ဧပြီ ၃၀ ရက်အထိ တစ်နှစ်သက်တမ်း ထပ်တိုးခဲ့သည်။ EU အနေဖြင့် Council Regulation (EU) 401/2013 (the Regulation) Imposing Financial Sanctions Against Regime ကို ပြင်ဆင်ထုတ်ပြန်ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိနှင့် အခြားအဆင့် ၁၄ ဦးကို ပိတ်ဆို့မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်က အရေးယူပိတ်ဆို့ထားသည့် ၁၃ ဦးအပြင် ထပ်တိုးတစ်ဦး ပါဝင်လာဖြစ်သည်။

ထို့ပြင် ဗြိတိန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန Office of Sanctions Implementation ကလည်း တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိနှင့် အခြားအဆင့် ၁၄ ဦးကို အရေးယူပိတ်ဆို့မှု ထပ်မံတိုးမြှင့်လိုက်ကြောင်း ဧပြီ ၂၇ ရက်က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင်လည်း ယခင်က အရေးယူပိတ်ဆို့ထားသည့် ၁၃ ဦးအပြင် ထပ်တိုးတစ်ဦး ပါဝင်လာခြင်း ဖြစ်သည်။

ဗြိတိန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် လူမျိုးစု သုတ်သင်ရှင်းလင်းမှုနှင့် ကချင်နှင့် ရှမ်းပြည်နယ်၌ ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟုဆိုကာ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူနှင့် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ရဲအရာရှိ အပါအဝင် စုစုပေါင်း ၁၄ ဦးကို စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကို သက်တမ်းထပ်တိုးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပိတ်ဆို့ခံရသည့် ၁၄ ဦး စာရင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်ချုပ် ညီညီဆွေ၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်မှူးချုပ် ခင်လှိုင်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဆန်းလွင်၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် ခင်စိုးတို့ပါဝင်ပြီး သတ်မှတ်ထားသည့် နိုင်ငံခြားဘဏ်များတွင် ၎င်းတို့အပ်နှံထားသော ငွေနှင့် ပိုင်ဆိုင်မှုများကို ပိတ်ဆို့လိုက်သည့်အပြင် ခရီးသွားလာခွင့်များကိုလည်း ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“ အရေးယူပိတ်ဆို့မှုတွေ (Sanctions) ကို ကြည့်လိုက်တော့ နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့တာနဲ့ တစ်ဦးတစ်ယောက်ချင်းအား အရေးယူ ပိတ်ဆို့တာဆိုပြီး နှစ်မျိုးတွေ့နိုင်တယ်။ အကြောင်းပြချက်မှာ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပါဝင်တယ်။ အစိုးရနဲ့ တပ်မတော်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ပြစ်မှုတွေကျူးလွန်ဖို့ မည်သည့်အခါကမျှ အမိန့်ပေးခဲ့မှာ မဟုတ်တာ သေချာပါတယ်။ တစ်ဦးတစ်ယောက်ချင်း ချိုးဖောက်တဲ့ ပြစ်မှုတွေကိုလည်း ဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးခဲ့တယ်ဆိုတာ တရားဝင်ထုတ်ပြန်ခဲ့တာကို တွေ့နိုင်တယ်” ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက မှတ်ချက်ပြုသည်။

ထို့ပြင် ထပ်မံတိုးမြှင့်လိုက်သည့် အရေးယူပိတ်ဆို့မှုများတွင် မြန်မာနိုင်ငံအတွက် ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်သည့် အနေအထားမျိုးမတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ဒီထပ်မံသက်တမ်းတိုးတဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ မြန်မာကို တိတိကျကျ ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်တာမျိုး မတွေ့ရဘူး။ လက်နက်ရောင်းချမှု ပိတ်ဆို့တာကို ကြည့်မယ်ဆိုရင်လဲ ယခင်ကတည်းက ဒီနိုင်ငံတွေကို မှီခိုတာသိပ်မရှိဘူး။ မိမိတို့ကိုယ်တိုင် ထုတ်လုပ်၍ ဖြစ်စေ၊ အခြားနိုင်ငံတွေဆီက ဝယ်ယူ၍ဖြစ်စေ ရပ်တည်နေတာ ကာလအတော်ကြာမြင့်နေပြီဆိုတာ တွေ့နိုင်တယ်” ဟု ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်အနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုရှိစွာဖြင့် ကော်မတီ၊ ကော်မရှင်များဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသော်လည်း အင်အားကြီးအနောက်နိုင်ငံများက လျစ်လျူရှု၍ ၎င်းတို့၏ နိုင်ငံရေးအာဂျင်တာအရ ဖိအားပေးရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ကလည်း ပြောပြီးသားပါ။ သူတို့မှာတော့ နိုင်ငံရေးအာဂျင်တာတစ်ရပ်အရ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးအာဂျင်တာ တစ်ရပ်အရ နိုင်ငံရေးအရ ဖိအားပေးဖို့ ဆောင်ရွက်နေတာ ဖြစ်တယ်။ ဒါတွေကတော့ သူတို့ လုပ်ဆောင်ရမယ့် သူတို့ရဲ့ အာဂျင်တာအတိုင်း လုပ်ဆောင်နေတာပဲ ဖြစ်ပါလိမ့်မယ်။ တပ်မတော်နဲ့ အစိုးရအနေနဲ့က ကျွန်တော်တို့မှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိစွာနဲ့ ကျွန်တော်တို့ လုပ်နေတယ်။ ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ စည်းမျဉ်းစည်းကမ်းတွေအရ နိုင်ငံတော်ကလည်း နိုင်ငံတော်ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ၊ ကော်မတီတွေ ဖွဲ့ပြီးလုပ်နေတယ်။ တပ်မတော်ကလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ ကော်မတီ လုပ်နေတယ်။ ဒီဟာတွေအပေါ်မှာတော့ သူတို့အနေနဲ့က ဒါတွေအပေါ်မှာ လျစ်လျူရှုပြီး ပြည်တွင်းတရားစီရင်တာတွေ၊ ပြည်တွင်းက လုပ်ဆောင်တာတွေကို ဖော်ပြခြင်းမရှိဘဲ လျစ်လျူရှု တစ်ဖက်သတ် ဆောင်ရွက်နေတာကတော့ သူတို့ အမြဲတမ်းဆောင်ရွက်နေကျပါပဲ။ နိုင်ငံရေးအားဖြင့် ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထို့ပြင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး လုံခြုံရေးတာဝန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် တာဝန်ထမ်းဆောင်ရာတွင် အားနည်းချက်၊ ချို့ယွင်းချက်များရှိခဲ့ပါက တပ်တွင်း၌ ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent