ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA တို့၏ တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုများရှိနေပြီး ကျေးရွာများအနီးတွင် တိုက်ပွဲမဖြစ်ပွားစေရေးအတွက် ဒေသခံများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော် တိုက်တွန်း

ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA တို့၏ တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုများရှိနေပြီး ကျေးရွာများအနီးတွင် တိုက်ပွဲမဖြစ်ပွားစေရေးအတွက် ဒေသခံများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော် တိုက်တွန်း
Published 9 April 2020

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုများ ရှိနေပြီး ကျေးရွာများအနီးတွင် တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် ဒေသခံများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပလက်ဝမြို့နယ်တွင် ဧပြီ ၇ ရက်က တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာများသည် ပလက်ဝမြို့နယ် နှမဒါကျေးရွာ၏ အရှေ့တောင်ဘက်နှင့် ပလက်ဝမြို့အနီးတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA အဖွဲ့က လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ အဲဒီလိုမျိုး လုပ်ဆောင်နေတဲ့အတွက်ကြောင့်မို့လို့ သူတို့က ရွာနားလေးမှာ တိုက်ပွဲ မဖြစ်နိုင်အောင်ပေါ့လေ၊ ပြည်သူလူထုကို ကျွန်တော်က အဓိကတိုက်တွန်းချင်တာကတော့ AA နဲ့ပတ်သက်တဲ့ သတင်းတွေရရင်၊ ရွာနားလေးကပ်နေတယ်ဆိုတဲ့ သတင်းတွေ၊ ရွာမှာ အနှောင့်အယှက်ပေးနေတယ်ဆိုတဲ့ သတင်းတွေရရင်တော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စောစောစီးစီး ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ဟာပဲ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သော်လည်း အရပ်သားများ သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုနှင့်ပတ်သက်၍ ၎င်းအနေဖြင့် သိရှိရခြင်းမရှိသေးကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

ပလက်ဝမြို့နယ်တွင် ဧပြီ ၇ ရက်က ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA တို့၏ တိုက်ပွဲအတွင်း နန်းချောင်းဝရွာမှ အရပ်သားခုနစ်ဦး သေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူရှစ်ဦးတွင် နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောကြားသည်။

“ မနေ့က ၄ နာရီနဲ့ ၅ နာရီပတ်ဝန်းကျင်မှာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့ တိုက်ပွဲကြောင့် လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် နန်းချောင်းဝကျေးရွာမှာ အရပ်သားပြည်သူ ခုနစ်ယောက် သေဆုံးတယ်။ ရှစ်ယောက် ဒဏ်ရာရရတယ်။ ဆန်စက်တစ်လုံး မီးလောင်ကျွမ်းပြီးတော့ ပါသွားတယ်လို့ သိရပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောကြားသည်။

ဒဏ်ရာရရှိသူ ရှစ်ယောက်တွင် နှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကျန်သည့် ခြောက်ယောက်မှာ ၎င်းတို့အား သွင်းပေးရမည့်သွေးရရှိပါက အခြေအနေကောင်းမည့် အနေအထားရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုသို့ပြောကြားမှုနှင့်ပတ်သက်၍ ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသည့်အခါ အနည်းနှင့်အများ ထိခိုက်ဒဏ်ရာရရှိမည်ဖြစ်သော်လည်း တပ်မတော်အနေဖြင့်မူ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (ROE) အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ အဓိကကတော့ ရွာနားလေးမှာ တိုက်ပွဲဖြစ်ပွားရင်တော့ အနည်းနဲ့အများ ထိခိုက်မှုရှိလိမ့်မယ်။ တပ်မတော်အနေနဲ့ကတော့ ROE အတိုင်းပဲ လိုက်နာဆောင်ရွက်လျက်ရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီရွာသူ၊ ရွာသားတွေ၊ ပြည်သူပြည်သားတွေနဲ့ ပတ်သက်ပြီးတော့ အတတ်နိုင်ဆုံး စောင့်စည်း ဆောင်ရွက်လျက်ရှိတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်နှင့် AA အဖွဲ့တို့၏ ပလက်ဝမြို့နယ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်သို့ တိုက်ပွဲရှောင် ဒေသခံ ၂၀၀၀ နီးပါးခန့် ရောက်ရှိနေပြီး ပလက်ဝနှင့် ဆမီးရွာအကြား လမ်းကြောင်းအား တပ်မတော်နှင့် AA တို့က ပိတ်ဆို့ထားသောကြောင့် တိုက်ပွဲရှောင်ဒေသခံများအတွက် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရန် အခက်အခဲရှိနေကြောင်းလည်း ဦးဝှေ့တင်းက ပြောပြသည်။

အဆိုပါလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးပါက စားနပ်ရိက္ခာ သယ်ပူပို့ဆောင်ရေးအတွက် အဆင်ပြေချောမွေ့မည်ဖြစ်သကဲ့သို့ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများသို့ ပို့ဆောင်ကုသမှုပေးနိုင်ရေးအတွက်လည်း အဆင်ပြေသွားမည်ဖြစ်ကြောင်း ဦးဝှေ့တင်းက ပြောကြားသည်။

Most Read

Most Recent