ရခိုင့်ဦးဆောင်ပါတီတည်ထောင်သူ ဒေါက်တာအေးမောင်အနေဖြင့် ဧပြီမှစ၍ ယင်းပါတီ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်

ရခိုင့်ဦးဆောင်ပါတီတည်ထောင်သူ ဒေါက်တာအေးမောင်အနေဖြင့် ဧပြီမှစ၍ ယင်းပါတီ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်
Published 1 April 2020
ဉာဏ်လင်းထွန်း

ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ဦးဆောင်တည်ထောင်သူ ဒေါက်တာအေးမောင်အနေဖြင့် ပါတီဥက္ကဋ္ဌအဖြစ် ယခုလမှစတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောကြားသည်။

ဒေါက်တာအေးမောင်ကို ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးခြင်းနှင့်အတူ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်ခြင်းကို မတ်လကုန်ပိုင်းတွင် ကျင်းပသည့် ပါတီဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ ဆရာ ဦးခင်နု (ယခင်ပါတီဥက္ကဋ္ဌ) က တခြားတာဝန်တွေနဲ့ လောလောဆယ် ပိနေတယ်ပေ့ါနော်။ ပိနေတော့ သူ့ဘက်က ဘာတင်ပြလဲဆိုတော့ ရခိုင်ပြည်နယ်ထဲမှာ အခြေစိုက်ပြီးနေတဲ့သူတွေထဲက ဦးဆောင်မှု ပေးနိုင်မလား အဲဒါစဉ်းစားပါတယ်။ နောက်ဆုံး ၀ိုင်းစဉ်းစားတော့ ဒေါက်တာအေးမောင်ရဲ့ လမ်းညွှန်ချက်ကိုလည်း ခံယူပြီးတော့မှ ရခိုင်ပြည်နယ်မှာရှိတဲ့ ခေါင်းဆောင်မှုကို ပြန်ပြီးယူမယ်ဆိုပြီးတော့ ဦးခင်နုနဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ညှိနှိုင်းဆုံးဖြတ်လိုက်ပါတယ်” ဟု ဦးကျော်ဇောဦးက ပြောကြားသည်။

လက်ရှိတွင် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် နိုင်ငံတော်ပုန်ကန်မှုဖြင့် အကျဉ်းကျခံနေရသောကြောင့် ပါတီ၏ ကိစ္စအဝဝကို လမ်းညွှန်ချက်ပေးရန် အခက်အခဲရှိမည်ဖြစ်သည်။ ထို့ကြောင့် ပါတီဒုဥက္ကဋ္ဌက ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ ပါတီကို ဦးဆောင်သူအနေဖြင့် ဆောင်ရွက်သွားမည်ဟု ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးက ပြောကြားသည်။ 

AFP ပါတီ အတွင်းရေးမှူး (၁) အဖြစ် ဦးစိုးဝင်း၊ အတွင်းရေးမှူး (၂) အဖြစ် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်း၊ အတွင်းရေးမှူး (၃) နှင့် (၄) အဖြစ် ဦးထွန်းသိန်းနှင့် ဦးသန်းနိုင်တို့က ဆောင်ရွက်မည်ဖြစ်သည်။

ရခိုင့်ဦးဆောင်ပါတီသည် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီကို အကြံပေးခြင်းနှင့် ကူညီခြင်းများဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်ခုနစ်ဦး ပါဝင်သည့် ပါတီအကြံပေးကောင်စီကို မတ် ၆ ရက်က ဖွဲ့စည်းခဲ့ပြီး အဆိုပါအကြံပေးကောင်စီတွင်လည်း ဒေါက်တာအေးမောင် ပါဝင်သည်။

AFP ပါတီတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ နုတ်ထွက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပူးပေါင်းပါဝင်လျက်ရှိသော်လည်း ၎င်းတို့ကို ANP ပါတီက တရားဝင် နုတ်ထွက်ခွင့်မပြုသေးခြင်းကြောင့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သို့သော် မတ်လကုန်တွင် ပြုလုပ်သည့် ပါတီဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီအကြံပေးကောင်စီဝင်အနေဖြင့် ပါတီဗဟိုအလုပ်အမှုဆောင်အဆင့်နှင့် ညီမျှသည့် လုပ်ပိုင်ခွင့်များ ရရှိမည်ဟု ဦးကျော်ဇောဦးက ပြောကြားသည်။

ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် တရားဝင် နိုင်ငံရေးပါတီ မှတ်ပုံတင်ရရှိခဲ့သည်။

၂၀၁၈ ဇန်နဝါရီက ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် စာပေဟောပြောပွဲတွင် ဟောပြောခဲ့သည့် အကြောင်းအရာအချို့နှင့် ပက်သက်၍ ဒေါက်တာအေးမောင်ကို ရခိုင်ပြည်နယ်အစိုးရက နိုင်ငံတော် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။ 

Most Read

Most Recent