COVID-19 ရောဂါပိုး Outbreak ဖြစ်လာပါက နိုင်ငံတော်လုံခြုံရေးကို တိုက်ရိုက်ထိပါးလာနိုင်ခြင်းကြောင့် အခြေခံဥပဒေပါ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက် ကာ/လုံ အစည်းအဝေး ခေါ်ယူကျင်းပရန် အစိုးရကို တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုးပါတီ တင်သွင်းသည့်အဆို လွှတ်တော်၌ တင်ခွင့်မရ

COVID-19 ရောဂါပိုး Outbreak ဖြစ်လာပါက နိုင်ငံတော်လုံခြုံရေးကို တိုက်ရိုက်ထိပါးလာနိုင်ခြင်းကြောင့် အခြေခံဥပဒေပါ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက် ကာ/လုံ အစည်းအဝေး ခေါ်ယူကျင်းပရန် အစိုးရကို တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုးပါတီ တင်သွင်းသည့်အဆို လွှတ်တော်၌ တင်ခွင့်မရ
မတ် ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ်
မတ် ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ်
Published 25 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်



COVID-19 ရောဂါပိုး Outbreak ဖြစ်လာပါက နိုင်ငံတော်လုံခြုံရေးကို တိုက်ရိုက်ထိပါး လာနိုင်ခြင်းကြောင့် အခြေခံဥပဒေပါ အမျိုးသား အကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက် ကာ/လုံ အစည်းအဝေး ခေါ်ယူကျင်းပရန် အစိုးရကို တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုးပါတီ တင်သွင်းသည့်အဆို လွှတ်တော်၌ တင်ခွင့်မရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

မတ် ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် တင်သွင်းခဲ့သည့် အထက်ပါအဆိုကို ပြည်ထောင်စုလွှတ်တော် နာယကက ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ဦးသောင်းအေးက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ကတော့ ၂၃ ရက်နေ့မှာ အမေရိကန်က ပြန်လာတဲ့ ချင်းပြည်နယ် တီးတိန်က တစ်ယောက်၊ ရန်ကုန်က အင်္ဂလန်က ပြန်လာတဲ့ တစ်ယောက်ပေါ့။ ဒီနှစ်ယောက်မှာ COVID-19 ပိုးပေါ့၊ တွေ့တယ်ဆိုတဲ့ ထုတ်ပြန်ချက် ကြေညာချက် မနေ့ညက ထွက်လာတယ်။ အားလုံးကလည်းပဲ ဒါတွေ စိတ်ပူပန်သောက ရောက်ကြတယ်။ အဲဒီအတွက် ဒီနေ့ အန်ကယ်တို့ပါတီက ဦးမောင်မြင့်က ဒီရောဂါ စတင်ရှာဖွေတွေ့ရှိလာပြီ ဖြစ်တဲ့အတွက် လုပ်ရမယ့် ကာကွယ်ထိန်းချုပ် ကုသရေးဆိုတဲ့ လုပ်ငန်းစဉ်တွေပေါ့၊ ဒါတွေကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် လုပ်နိုင်ဖို့အတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် နိုင်ဖို့အတွက် လုံခြုံရေးအရ လိုအပ်တဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီကို ခေါ်ဆောင်ပြီးတော့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးပါဆိုတဲ့ အရေးကြီးအဆို ဦးမောင်မြင့်က တင်ခဲ့ပါတယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

ယင်းသို့ အရေးကြီးအဆို တင်သွင်းထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သွားရောက် မေးမြန်းရာတွင် ခွင့်မပြုနိုင်ဘူးဆိုသည့် ပြောကြားချက် ရရှိလာကြောင်း၊ ယမန်နေ့က ကြေညာခဲ့သည့် COVID-19 ရောဂါပိုးတွေ့ရှိသည် ဆိုသည့် ကြေညာချက်အပြင် နယ်စပ်ဝင်ပေါက်များမှ ပြန်လည် ဝင်ရောက်လာသော နိုင်ငံသားများ အများအပြား ရှိနေသည့် အတွက်လည်း စိတ်ပူနေရကြောင်းလည်း ဦးသောင်းအေးက ပြောကြားသည်။

“ထုတ်ပြန်တဲ့ သတင်းတွေအရဆိုရင် ပြည်ပကနေ ပြည်တွင်းကို ပြန်ဝင်လာတဲ့လူတွေက သောင်းချီနေပြီ။ အဲဒါတွေကို ကျန်းမာရေး ဝန်ကြီးဌာန ကိုယ်တိုင်က တစ်ဦးချင်း စောင့်ကြည့်ဖို့ဆိုတဲ့ အနေအထားဟာ သူတို့မှာ ပြင်ဆင်ထားတာမရှိဘူး။ နေရာလည်း မပေးနိုင်ဘူး။ ဒါကြောင့်မို့လို့ နေရပ်ကို ပြန်လွှတ်ပြီးတော့ သက်ဆိုင်ရာ နေရပ်တွေမှာပဲ သူ့မိသားစုလိုက်၊ သူ့ Personal Life စောင့်ကြပ်ကြည့်ရှုဖို့ဆိုတဲ့ လုပ်ငန်းစဉ်ကို ပြောင်းပေးလိုက်တယ်။ အဲဒီဟာတွေက အင်မတန် စိတ်ပူစရာကောင်းတယ်” ဟု ၎င်းက ပြောကြားသည်။

COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စုပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီသည် တစ်နိုင်ငံလုံး အမျိုးသားကိစ္စ၊ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာလျှင်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်လာခြင်း၊ ထိခိုက်ရန် အကြောင်းရှိလာခြင်း စသည့်အခြေအနေ များ ဖြစ်ပေါ်လာပါက ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးသောင်းအေးက ပြောကြားသည်

“တချို့ကတော့ ပြောတာပေါ့။ ဒီကာ/လုံထဲမှာ ကျန်းမာရေးဝန်ကြီးတို့ ဘာတို့မပါဘူး။ ဒီကာ/လုံဟာ ဗဟိုအဖွဲ့ပဲ။ လိုအပ်ရင် လိုအပ်သလို ကျန်းမာရေး ဝန်ထမ်းတွေလည်း ခေါ်လို့ရတယ်။ ကျန်းမာရေး ဝန်ကြီးလည်း ခေါ်လို့ရတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေကိုလည်း ခေါ်ပြီးတော့ ဆွေးနွေးလို့ရတယ်။ အရေးကြီးတာက လုပ်မယ့်လုပ်ငန်းစဉ်ပေါ့၊ ဒီဟာကို ပြည့်ပြည့်စုံစုံ၊ အချက်ကျကျ၊ ဘာဖြစ်ရင် ဘာလုပ်မယ် တွေးနေရုံနဲ့ မပြီးဘူး။ မြေ ပြင်မှာ တကယ်လုပ်ရမယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

ကာ/လုံ အစည်းအဝေး ခေါ်ယူရန် တိုက်တွန်းနေခြင်းသည် တစ်နိုင်ငံလုံးအတွက် အရေးကြီးနေသည့်ကိစ္စ ဖြစ်ခြင်းကြောင့် အမျိုးသားရေးအတွက် ပြောဆိုနေခြင်းသာဖြစ်ကြောင်း ဦးသောင်းအေးက ပြောကြားသည်။

 

Most Read

Most Recent