တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်အပါအဝင် ပုဒ်မ ၁၈ ခုစလုံး ပြင်ဆင်နိုင်ခြင်း မရှိ

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်အပါအဝင် ပုဒ်မ ၁၈ ခုစလုံး ပြင်ဆင်နိုင်ခြင်း မရှိ
ဓာတ်ပုံ - ပြည့်ဖြိုးအောင်
ဓာတ်ပုံ - ပြည့်ဖြိုးအောင်
Published 17 March 2020
သတင်း - ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှု ဆဋ္ဌမနေ့အဖြစ်  ယနေ့ (မတ် ၁၇ ရက်) တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဒုတိယအကြိမ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆(ခ)နှင့် အကျုံးဝင်သော ပုဒ်မ၊ပုဒ်မခွဲ ၁၈ ခုကို စုစည်းထားသည့် ဆန္ဒမဲ လက်မှတ် (၂)ကို မဲခွဲ ဆုံးဖြတ်ခဲ့သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးခြင်း အစား သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တင်သွင်းထားသည့် ပုဒ်မ ၅၉(စ) ကဲ့သို့သော ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ပြည်နယ် ဝန်ကြီးချုပ်တို့၏ အရည်အချင်းအသစ်ဖြည့်စွက် ပြင်ဆင်ချက်များအပါအဝင် ပုဒ်မ ၁၈ ခုစလုံးသည် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့်ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလအတိုင်းသာထားရှိမည်ဖြစ်သည်။

ယနေ့ မဲခွဲဆုံးဖြတ်မှုတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်လွှတ်တော်ကိုယ်စားလှယ်တို့၏ ပြင်ဆင်ချက် ပုဒ်မများအပြင် NLD ပါတီ၏ ပြင်ဆင်ချက်များလည်း ပါဝင်ပြီး ပြင်ဆင်ရန် တင်ပြခဲ့သည့် ပုဒ်မများမှာ ပုဒ်မ ၂၃၂(က)(၁)၊ပုဒ်မ ၂၃၂ (က)(၄)၊ပုဒ်မ ၂၃၂(ခ)(၁)၊ပုဒ်မ၂၃၂ (ည)(၂)၊ပုဒ်မ၂၃၂ (ဋ)၊ပုဒ်မ ၂၃၄(က)၊ပုဒ်မ ၂၃၄(စ)၊ပုဒ်မ ၂၃၅(ဂ)(၂)၊ပုဒ်မ ၂၃၇(က)၊ပုဒ်မ ၂၃၇(က)(၄)(ဃဃ)၊ပုဒ်မ၂၃၉(က)၊ပုဒ်မ ၂၃၉(က)(၄)(ဃဃ)၊ပုဒ်မ ၂၄၂(က)၊ပုဒ်မ ၂၄၂(က)(၄)(ဂဂ)၊ပုဒ်မ ၂၄၄(က)၊ပုဒ်မ ၂၄၄(က)(၄)(ဂဂ)၊ပုဒ်မ ၂၆၁(က)(၄)၊ပုဒ်မ ၂၆၁(ခ)တို့ဖြစ်သည်။

အထက်ပါ ပြင်ဆင်ရန်တင်ပြခဲ့သည့် ပုဒ်မ အကြောင်းအရာများတွင် NLD ပါတီက တင်ပြသွင်းထားသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ပြည်ထောင်ဝန်ကြီးတာဝန်များအား ခန့်အပ်ခံရသော တပ်မတော်သားသည် ဝန်ကြီးတာဝန်ခန့်အပ်ခံရသည့်နေ့မှစတင်ပြီး တပ်မတော်မှ အငြိမ်းစားယူရန် ပြင်ဆင်ချက်လည်း ပါဝင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ထို့ပြင် နိုင်ငံတော်သမ္မတက ပြည်ထောင်စု ဒုတိယဝန်ကြီး၊ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာ‌ဝန်ပေးခြင်းနှင့်သက်ဆိုင်သည် ပုဒ်မပြင်ဆင်ချက်များလည်း ပါဝင်သည်။

ပုဒ်မ ၂၁၆ ပြင်ဆင်ချက်နှင့်ပတ်သက်ပြီး လွှတ်တော်တွင်း ဆွေးနွေးစဉ်က တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးမှုများရှိခဲ့သော်လည်း NLD ပါတီက ကန့်ကွက်ဆွေးနွေးမှုများရှိခဲ့သည်။

 

 

 

 

Most Read

Most Recent