အထူးအစီရင်ခံစာ တင်သွင်းသူများအနေဖြင့် လူ့အခွင့်အရေးအခြေအနေ တိုးတက်ရေး အကြံပြုရာတွင် ဘက်လိုက်မှုမရှိရန်နှင့် လုပ်ငန်းကျင့်ဝတ်များကို တိကျစွာလိုက်နာရန် မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြား

အထူးအစီရင်ခံစာ တင်သွင်းသူများအနေဖြင့် လူ့အခွင့်အရေးအခြေအနေ တိုးတက်ရေး အကြံပြုရာတွင် ဘက်လိုက်မှုမရှိရန်နှင့် လုပ်ငန်းကျင့်ဝတ်များကို တိကျစွာလိုက်နာရန် မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြား
Published 14 March 2020
မင်းနိုင်စိုး

အထူးအစီရင်ခံစာ တင်သွင်းသူများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေတိုးတက်ရေး အကြံပြုရာတွင် ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ရန်နှင့် လုပ်ငန်းကျင့်ဝတ်များကို တိကျစွာ လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြားသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း မတ် ၁၀ ရက်က ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီနှင့်ဆွေးနွေးစဉ် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၏ တုံ့ပြန်ပြောကြားချက်အား မတ် ၁၄ ရက်၌ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အထူးအစီရင်ခံစာ တင်သွင်းသူများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ တိုးတက်ရေးအကြံပြုရာတွင် စိတ်ရင်းမှန်ဖြင့် ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဋ္ဌာန်ကျကျ ပြုမူကာ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အထူးအစီရင်ခံစာ တင်သွင်းသူများအနေဖြင့် လုပ်ငန်းကျင့်ဝတ်များကို တိကျစွာ လိုက်နာစောင့်ထိန်းပြီး ပညာရှင်ဆန်ဆန် သက်ဆိုင်သူများအားလုံး၏ ပြောကြားချက်များကို နားထောင်ရန်မှာလည်း များစွာပဓာနကျကြောင်းဖြင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ထောက်ပြပြောကြားခဲ့သည်။

ထို့ပြင် ဒီမိုကရေစီခရီးလမ်းကြောင်းတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ဒင်္ဂါပြားတစ်ခု၏ မျက်နှာစာနှစ်ဖက်ကဲ့သို့ မုချယှဉ်တွဲလျက်ရှိကြောင်း၊ မြန်မာအစိုးရအနေဖြင့် ၂၀၁၆ ခုနှစ် စတင်တာဝန် ထမ်းဆောင်စဉ်ကတည်းက အကန့်အသတ်များကြားမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓွန့်ရှည်တည်တံ့သည့် အလုံးစုံငြိမ်းချမ်းရေးရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေကြောင်းလည်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောကြားသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ကျင်းပခဲ့သည့် ရှစ်ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ကောင်းမွန်သည့်ရလဒ်များရရှိခဲ့မှုနှင့် ယခုနှစ် ပထမလေးလတာကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပရန် လျာထားမှုတို့အား ၎င်းက အသိပေးပြောကြားခဲ့သည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လွှဲပြောင်းရေးနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၏ စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လွှဲပြောင်းရေးလုပ်ငန်းစဉ် တရားဝင်စတင်ခြင်း မရှိသေးသော်လည်း၊ မိမိဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ နေရပ်ပြန်လာသူ ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များအား အတိအကျလိုက်နာရန် မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ထပ်မံတောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွက် သမိုင်းတွင် နောက်ထပ်အဆင့်တစ်ခုကို အကောင်အထည်ဖော်ရေး ရှေ့ဆက်ဆောင်ရွက်နေစဉ်တွင် အပြုသဘောမဆောင်သည့် လုပ်ရပ်များ၊ အရေးယူဒဏ်ခတ်သည့် ဆောင်ရွက်မှုများ၊ မလိုမုန်းထားပြုမူမှုများသည် နိုင်ငံရှိ မတူကွဲပြားသည့် အသိုက်အဝန်းများအကြား စည်းလုံးမှုပြိုကွဲစေရန်နှင့် ယုံကြည်မှုမရှိ ဖြစ်စေရန်ကိုသာ ဦးတည်နေသော အဟန့်အတားများဖြစ်ကြောင်းကို သတိပြုရန် အရေးကြီးကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၅ ရက်ကတည်းက လွှတ်တော်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆိုအား အကြိတ်အနယ် ဆွေးနွေးလျက်ရှိကြောင်း၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ရရှိရေး အကောင်အထည်ဖော်ရေးကို အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချထားကြောင်း၊ သို့ရာတွင်အချိန်အတိုင်းအတာ လိုအပ်ကြောင်းလည်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့သည်။

Most Read

Most Recent