NLD ပါတီ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကတိကဝတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆက်လက်ထည့်သွင်းမည်ဟု ဆို

NLD ပါတီ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကတိကဝတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆက်လက်ထည့်သွင်းမည်ဟု ဆို
Published 13 March 2020
ဉာဏ်လင်းထွန်း

NLD ပါတီ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲယှဉ်ပြိုင်ရာတွင် ပါတီ၏မဲဆွယ်ကတိကဝတ်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စသည် အဓိကအကြောင်း အရာတစ်ခုအနေဖြင့် ဆက်လက်ပါဝင်မည်ဟု ပါတီ၏ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။

မတ် ၁၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ကျင်းပသည့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ အကြိမ် ၄၀ မြောက် အလှူငွေပေးအပ်ပွဲအပြီး သတင်းထောက်တစ်ဦးက လာမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ဆက်လက်အသုံးပြုရန် ရှိ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းမှုအပေါ် မုံရွာအောင်ရှင်က အထက်ပါအတိုင်းပြန်လည်  ဖြေကြားခြင်းဖြစ်သည်။

“ထည့်မှာ ထည့်မှာ အဲဒါသေချာတယ်။ မအောင်မြင်မချင်း ဒီဟာကိုထည့်သွင်းပြီးတော့ အဓိက Main Agenda အနေနဲ့ ထည့်မှာ။ ဒါ ကျွန်တော်တို့ရဲ့မူပါပဲ” ဟု NLD ပါတီ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။

လက်ရှိ လွှတ်တော်တွင် ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မှု မအောင်မြင်သေးသည့်အတွက် အခြေခံဥပဒေပြင်ဆင်ရေးမူကို ဆက်လက်ကိုင်စွဲရမည်ဖြစ်ပြီး လက်ရှိအခြေအနေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုက ၎င်းတို့ဘက်တွင် ရှိနေသည်ဟု မုံရွာအောင်ရှင်ကဆိုသည်။

“ကျွန်တော်တို့ ရှုံးတာနိုင်တာထက် ပြည်သူလူထုက ကျွန်တော်တို့ဘက်မှာ ရှိနေသေးသလား။ မရှိသေးဘူးလားက အဓိကကျတယ်။ အခုအခြေအနေအရ ပြည်သူလူထုက ကျွန်တော်တို့ဘက်မှာ ရှိနေတယ်။ အဲဒီအတွက် ကျွန်တော်တို့ အားတက်တယ်။ အဲဒီအတွက် ကျွန်တော်တို့ တက်လှမ်းဖို့အတွက် အဖြေရလာတယ်။ ခွန်အားတွေ ပြည့်လာတယ်လို့ ကျွန်တော်ပြောချင်တယ်။ ဒီခွန်အားတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မဖြစ်မနေ ဆက်ပြီးကြိုးစားမှာပဲ” ဟု မုံရွာအောင်ရှင်က ပြောကြားသည်။

လက်ရှိ လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲမှုရလဒ်များအရ အောင်မြင်မှုမရရှိဟု ဆိုနိုင်သော်လည်း အခြေခံဥပဒေသည် ပြင်ဆင်ရအလွန်ခက်ခဲသည့် ဥပဒေဖြစ်သည်ကို ကြိုတင်သိရှိပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းသို့ ပြင်ဆင်ရခက်ခဲသည့် အခြေခံဥပဒေကို ပြင်ဆင်ရန် လက်ရှိလွှတ်တော်တွင်း လှုပ်ရှားမှုသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုအပေါ် ကတိပေးထားခြင်းနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် မကိုက်ညီသည့် အခြေခံဥပဒေကို ပြင်ဆင်ရမည်ဆိုသည့်မူ NLD ပါတီတွင် ရှိနေခြင်းကြောင့်ဖြစ်ကြောင်း မုံရွာအောင်ရှင်က ရှင်းပြသည်။

NLD ပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေးကို တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူလူထုအား တရားမျှတစွာ  အကာအကွယ်ပေးမည့် အုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်အတူ ထည့်သွင်းဖော်ပြခဲ့သည်။

 NLD ပါတီ အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေးကို မဲဆွယ်ကတိကဝတ်အဖြစ် ဆက်လက်အသုံးပြုဖွယ်ရှိသော်လည်း လက်ရှိအခြေအနေများအရ ပြည်သူလူထုက NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အမှန်တကယ် ဆောင်ရွက်နိုင်ခြင်း ရှိ မရှိဆိုသည့် ဝေ၀ါးမှုများ ဖြစ်ပေါ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

“၂၀၂၀ မှာ အဲဒီ(၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရမှုမျိုး) အနေအထားမျိုးလောက် ထိရဖို့ကတော့  အနည်းငယ် ခဲယဉ်းလိမ့်မယ်ထင်ပါတယ်။ လူထုကြားမှာ ဒီနည်းလမ်းနဲ့ ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်လာပြီးတော့ အနည်းငယ်လျော့ကျသွားလိမ့်မယ် ထင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

NLD ပါတီ ဦးဆောင်တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက်များကို မတ် ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ စတင်မဲခွဲခဲ့ပြီး မတ် ၁၂ ရက်အထိ မဲခွဲမှုအခြေအနေများအရ အရေးမကြီးသည့် ပုဒ်မနှစ်ခုသာ အခြေခံဥပဒေပြင် ဆင်နိုင်ရေး လိုအပ်သည့် လွှတ်တော်ကိုယ်စား လှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံဆန္ဒမဲ ရရှိထားသည်။

 

 

Most Read

Most Recent