ဖွဲ့စည်းပုံပြင်ဆင်ရေး ဒုတိယနေ့မဲခွဲဆုံးဖြတ်မှုတွင် သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုစလုံး မဲအရေအတွက် ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် ဆုံးဖြတ်

ဖွဲ့စည်းပုံပြင်ဆင်ရေး ဒုတိယနေ့မဲခွဲဆုံးဖြတ်မှုတွင် သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုစလုံး မဲအရေအတွက် ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် ဆုံးဖြတ်
မတ် ၁၁ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒုတိယနေ့ မဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)
မတ် ၁၁ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒုတိယနေ့ မဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)
Published 11 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ ၄၃၆ (က) နှင့် အကျုံးဝင်သော ပုဒ်မ ၁၅ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၂) အား မတ် ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်မှု ပြုလုပ်သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် နိုင်ငံတော်သမ္မတ၏  အရည်အချင်း ပြဋ္ဌာန်းချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုစလုံး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသောကြောင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရမည်ဖြစ်ကြောင်း လွှတ်တော်နာယက ကြေညာခဲ့သည်။

မဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မများတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အများစုနှင့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဦးစိုင်းသန်းနိုင်နှင့် ဒေါက်တာမောင်သင်းတို့၏ ပြင်ဆင်ချက် အချို့လည်းပါဝင်ခဲ့ပြီး ပြင်ဆင်ချက်ပုဒ်မများမှာ ပုဒ်မ ၅၉ (ဂ) ၊ ၅၉ (ဃ) ၊ ၅၉(စ) ၊ ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ) ၊ ၂၄၈ (ဂ) ၊ ၂၉၄၊ ၄၁၀၊ ၄၁၁ နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း အခန်းခေါင်းစဉ် အပါအဝင် ပုဒ်မ ၂၀၁ ပြင်ဆင်ချက် စုစုပေါင်း ငါးခုဖြစ်သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ခဲ့သည့်ပုဒ်မများ၏ အဓိကအကြောင်းအရာများမှာ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပြင်ဆင်ချက်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းဆိုင်ရာ ပြင်ဆင်ချက်များ၊ အရေးပေါ် အခြေအနေကြေညာခြင်းဆိုင်ရာ ပြင်ဆင်ချက်တို့ ဖြစ်သည်။

နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်နှင့် သက်ဆိုင်သည့် ပုဒ်မ ၅၉(ဂ) တွင်  ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟု မူလပြဋ္ဌာန်းချက်မှ အနည်းဆုံးဆိုသည့်စကားရပ်ကို ဖြုတ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ပြင်ဆင်ချက်ကို ထောက်ခံမဲ ၂၁၄ မဲ၊ အသက် ၄၀ နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟု NLD ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၁၅ သာရရှိခဲ့ပြီး ပြင်ဆင်ချက်နှစ်ခုလုံး ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် မပြင်ဆင်ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိမည်ဟု လွှတ်တော်နာယကက ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတော်အရည်အချင်း သတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (စ)ကို ပယ်ဖျက််ရန် NLD ပါတီ၏ ပြင်ဆင်ချက်ကို ထောက်ခံမဲ ၃၉၃ မဲသာ ရရှိခဲ့သဖြင့် မပယ်ဖျက်ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိမည် ဖြစ်သည်။

အလားတူ လွှတ်တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ်များ လျှော့ချသည့် အခန်းကဏ္ဍ ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၀၉ (ခ) ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၁၂ မဲ၊ ပုဒ်မ ၁၄၁ ပြင်ဆင်ချက်ကို ထောက််ခံမဲ ၄၁၂ မဲ၊ ပုဒ်မ ၁၆၁ (ဃ) ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၁၄မဲ သာရရှိခဲ့ပြီး ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် အဆိုပါပုဒ်မများကို မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိမည် ဖြစ်သည်။

ထို့ပြင် မူလပြဋ္ဌာန်းချက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း အစုခေါင်းစဉ်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းနှင့် တာဝန်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြင်ဆင်ချက်ကို ထောက်ခံမဲ ၂၁၃ မဲ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏တာဝန်များ ပြင်ဆင်ချက်ကို ထောက်ခံမဲ ၂၁၆ မဲ၊ NLD ပါတီမှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၂၀၁ (ဆ-၁) ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၁၁ မဲ၊ ပုဒ်မ ၂၀၁(ဆ-၂) ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၁၁ မဲ၊ ပုဒ်မ ၂၀၁(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးပယ်ဖျက်ရန် ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၀၉ မဲသာရရှိခဲ့သဖြင့် မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိမည််ဖြစ်သည်။

ပုဒ်မ ၂၄၈(ဂ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့်ဟူသော မူလပြဋ္ဌာန်းချက်ကို ပြည်ခိုင်ဖြိုးပါတီက နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့်ဟု ပြင်ဆင်ချက်တွင် ထောက်ခံမဲ ၂၂၆ မဲသာရရှိသဖြင့် မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိမည်ဖြစ်သည်။

ပုဒ်မ ၂၉၄ တွင် နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်ဟု မူလပြဋ္ဌာန်းချက်ကို NLD ပါတီက နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ရပ်ထားရှိသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်ဟု ပြင်ဆင်ချက်တွင်လည်း ထောက်ခံမဲ ၄၁၃ မဲသာ ရရှိသဖြင့် မပြင်ဆင်နိုင်ခဲ့ပေ။

အလားတူ ပုဒ်မ ၄၁၀ ပါ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိကြောင်းသိရှိပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်ဟု မူလပြဋ္ဌာန်းချက်အစား နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက် အရဖြစ်စေ ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်ဟု NLD ပါတီ၏ ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၀၈ မဲ၊ ပုဒ်မ ၄၁၁၊ ပုဒ်မခွဲ(ဂ)၏ ပြင်ဆင်မှုကို ထောက်ခံမဲ ၄၁၀ မဲသာ ရရှိခဲ့သဖြင့် မပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိမည်ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများကို လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော််ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိပြီး ဆန္ဒမဲပေးမည့် အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ရာခိုင်နှုန်းဖြင့် တွက်ချက်မည်မဟုတ်ဘဲ  ၆၅၄ ဦးသော ကိုယ်စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်းဖြင့်သာ တွက်ချက်မည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကျော် ထောက်ခံပါက အောင်မြင်မည်ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၃၈၂ ဦး အများဆုံးရှိပြီး  ဒုတိယအများဆုံးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနှင့် အခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် အရေအတွက်သည် ၁၀၄ ဦးရှိကြောင်း သိရသည်။

မတ် ၁၁ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ မတက်ရောက်နိုင်သဖြင့် ခွင့်တိုင်ကြားသူတစ်ဦးရှိပြီး ယခင်ခွင့်တိုင်ကြားထားသည့် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးရှိသည့်အတွက် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးမှာ အစည်းအဝေးသို့ မတက်ရောက်ခဲ့ပေ။

 

Most Read

Most Recent