ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များသည် တပ်မတော်၏ အခန်းကဏ္ဍနှင့် လွှတ်တော်တွင်း ပါဝင်နေမှုကိုလျှော့ချရန် ပြင်ဆင်ထားသည့် အချက်များဖြစ်နေပြီး ပြည်သူနှင့် တိုက်ရိုက်သက်ဆိုင်သော အုပ်ချုပ်ရေးပိုင်းများတွင် ပြောင်းလဲမှုများ မရှိသေးဟု SNLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များသည် တပ်မတော်၏ အခန်းကဏ္ဍနှင့် လွှတ်တော်တွင်း ပါဝင်နေမှုကိုလျှော့ချရန် ပြင်ဆင်ထားသည့် အချက်များဖြစ်နေပြီး ပြည်သူနှင့် တိုက်ရိုက်သက်ဆိုင်သော အုပ်ချုပ်ရေးပိုင်းများတွင် ပြောင်းလဲမှုများ မရှိသေးဟု SNLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 11 March 2020

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များသည် တပ်မတော်၏ အခန်းကဏ္ဍနှင့် လွှတ်တော်တွင်း ပါဝင်နေမှုကို လျှော့ချရန် ပြင်ဆင်ထားသည့် အချက်များဖြစ်နေပြီး ပြည်သူနှင့် တိုက်ရိုက်သက်ဆိုင်သော အုပ်ချုပ်ရေးပိုင်းများတွင် ပြောင်းလဲမှုများမရှိသေးဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဝင် မိုင်းရယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ဝေဖန်ပြောကြားသည်။

မတ် ၁၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၁)ကို လွှတ်တော် အဆုံးအဖြတ်ရယူခြင်း အစီအစဉ်အပြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများနှင့် ပတ်သက်၍ ပြည်သူကို တိုက်ရိုက်သက်ရောက်စေမည့် အချက်သည် မည်သည့်အချက်များ ဖြစ်မနည်းဆိုသည့် မေးမြန်းမှုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဝင် မိုင်းရယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တကယ့် ကို တိုက်ရိုက်ပြည်သူကိုထိဖို့ဆိုတာက တ ကယ်တမ်းပြောရရင်တော့ လက်ရှိပြင်ဆင် ထားတဲ့ ပြင်ဆင်ချက်တွေက တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ တပ်မတော်က လွှတ်တော် ထဲမှာပါဝင်တဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ပြင် ဆင်ထားတဲ့အချက်တွေ ဖြစ်နေပါတယ်။ ဒါကတော့ ပြည်သူကို တိုက်ရိုက်ထိစေတဲ့၊ တိုက် ရိုက်ပတ်သက်စေတဲ့ကိစ္စဆိုတာထက် နိုင်ငံရေးတွေနဲ့ ပိုပြီးသက်ဆိုင်လိမ့်မယ်လို့ ယူဆ ပါတယ်။ အဲဒီတော့ ပြည်သူနဲ့တိုက်ရိုက်သက် ဆိုင်နေတဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ ဘာမှ လောလောဆယ်တော့ ပြောင်းလဲမှုတွေ မရှိသေးပါဘူး” ဟု ဦးစိုင်းသီဟကျော်က ပြော ကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးပွဲစကားဝိုင်းများနှင့် ၂၁ ရာစု ပင်လုံကဲ့သို့သော နေရာများတွင် ဆွေးနွေး၍ သဘောတူညီချက်များ ရရှိလာပါက ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းက လမ်းကြောင်းကို အထောက်အကူပြုနိုင်မည်ဟု ယူဆကြောင်း ဦးစိုင်းသီဟကျော်က ပြောကြားသည်။

 “သို့သော်လည်းပဲ ၂၁ ရာစုပင်လုံက နေပြီးတော့ ဆွေးနွေးပြီးတော့ ဖွဲ့စည်းပုံပြင် နိုင်လိမ့်မယ်လို့ ဒီလိုတစ်ထစ်ချသွားပြောလို့ တော့ မရဘူးလေ။ ၂၁ ရာစု ပင်လုံရဲ့ ဆွေးနွေး မှုတွေနဲ့ ဆုံးဖြတ်ချက်တွေက ဘယ်လိုတရားဝင်မှုရှိမလဲ ဆိုတဲ့ဟာကလည်း နည်းနည်း မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ တစ်ခုဆိုတာက ပြင်နိုင်ဖို့ဆိုတာက သက်ဆိုင်တဲ့လူတွေ အားလုံးကို ကိုယ်စားပြုနိုင်တဲ့ တကယ့် ကိုယ်စားပြုမှု အမှန်တကယ်ရမှ၊ တကယ့် ခိုင်မာအားကောင်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေးနှင့် ပတ်သက်၍ လူထု၏ ဆန္ဒနှင့်သဘောထားက ပို၍အခရာကျမည်ဟု ယူဆပြီး အစုအဖွဲ့ကြီးများ၏ ဆန္ဒသဘောထားများနှင့် အမြင်သဘောထား များသည်လည်း ညှိနှိုင်းရသည်မှာ အနည်းငယ်ခက်နိုင်ကြောင်း၊ ရပ်တည်ချက်နှင့် ခံယူချက်များ ပြောင်းလဲသွားရန်အတွက် ဆွေးနွေးညှိရန် လွယ်ကူသည့်အနေအထား မဟုတ်ကြောင်း ဦးစိုင်းသီဟကျော်က ပြောကြားသည်။

“ဒီနေ့ မဲခွဲတဲ့ပုဒ်မတွေကို ကြည့်လိုက် ရင် ဒါက အတည်မပြုနိုင်ဘူး။ ဒါပေမဲ့ ပြည်သူ တွေရဲ့ မျှော်လင့်ချက်ရှိခဲ့သည်ရှိသော် မပြည့်ဝဘူးလို့ပဲ ဒီလိုပဲပြောရမှာပေါ့။ နောက်နေ့တွေ မှာလည်း ဆုံးဖြတ်တဲ့အပိုင်းတွေက ပြည်သူတွေကို ဘယ်လောက်အထိ သက်ရောက်မလဲ ဆိုတာက ပြင်နိုင်မယ်၊ မပြင်နိုင်ဘူး ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ အဲဒီတော့ မပြင်နိုင်ဘူးဆိုရင် ပြည်သူတွေမျှော်လင့်သလို မဖြစ်လာတာ ဖြစ်မယ်ပေါ့။ ပြင်နိုင်လာခဲ့သည်ရှိသော် တစ်ခုခုတော့ အပြောင်းအလဲ ရှိမှာပေါ့။ ဒီလိုပဲမြင်ပါတယ်” ဟု ဦးစိုင်းသီဟကျော်က ပြောကြားသည်။

ယနေ့ မဲခွဲဆုံးသည့် ရလဒ်အရ တိုင်းရင်းသားများ မျှော်လင့်နေသည့် ပုဒ်မများနှင့်ပတ်သက်၍ မည်ကဲ့သို့ ဖြစ်လာနိုင်သနည်းဆိုသည့် မေးမြန်းမှုကို “ပြောရတော့ တော်တော် ခက်ပါတယ်။ ပြီးခဲ့တဲ့ ခုနစ်ရက် ဆွေးနွေးချက်တွေကိုပဲ ပြန်ပြီးတော့ ကျွန်တော်တို့ သုံးသပ်နေရတာပါပဲ။ အဲဒီ သုံးသပ်ချက်အရ ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းကျော်အထက် ရဖို့ဆိုတာကတော့ နည်းနည်ခက်ခဲပါတယ်” ဟု ဦးစိုင်းသီဟကျော်က ပြန်လည်ဖြေကြားသည်။

လက်ရှိသည် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေဖြစ်နေ ပြီး မဲပေးမည့်အနေထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ လျှို့ဝှက်မဲပေးသည့်စနစ် ဖြစ်ခြင်းကြောင့် မိမိ၏ ရပ်တည်ချက်နှင့် ခံယူချက်၊ မိမိအစုအဖွဲ့အပေါ်တွင် သဘောထားများအပေါ်တွင် မူတည်နေမည်ဖြစ်ပြီး ပြည်သူကို မျက်နှာမူ၍ ပြည်သူ့အရေးကိစ္စများကို အလေးထားသည်ဆိုပါက ပြည်သူ့ဆန္ဒနှင့်အညီ မဲပေးကြလိမ့်မည်ဟု ယူဆကြောင်း ဦးစိုင်းသီဟကျော်က ပြောကြားသည်။

 

Most Read

Most Recent