NLD ပါတီအနေဖြင့် ပြည်သူ့အကျိုးကို ရည်မျှော်၍ ပြင်သင့်ပြင်ထိုက်သည့် ပုဒ်မများအား ပြင်ခဲ့ခြင်းဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး အကျပ်အတည်းမှ ကျော်လွန်ရန် ဆက်လက်ကြိုးစားရဦးမည် ဆိုသည့် အသိတရားတစ်ခု ရရှိခဲ့ကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

NLD ပါတီအနေဖြင့် ပြည်သူ့အကျိုးကို ရည်မျှော်၍ ပြင်သင့်ပြင်ထိုက်သည့် ပုဒ်မများအား ပြင်ခဲ့ခြင်းဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး အကျပ်အတည်းမှ ကျော်လွန်ရန် ဆက်လက်ကြိုးစားရဦးမည် ဆိုသည့် အသိတရားတစ်ခု ရရှိခဲ့ကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 11 March 2020
အောင်မင်းသိန်း၊ပြည့်ဖြိုးအောင်

NLD ပါတီအနေဖြင့် ပြည်သူ့အကျိုးကို ရည်မျှော်၍ ပြင်သင့်ပြင်ထိုက်သည့်ပုဒ်မများအား ပြင်ခဲ့ခြင်းဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး အကျပ်အတည်းမှကျော်လွန်ရန် ဆက်လက် ကြိုးစားရဦးမည်ဆိုသည့် အသိတရားတစ်ခု ရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

မတ် ၁၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁) ကို လွှတ်တော် အဆုံးအဖြတ်ရယူခြင်း အစီအစဉ်အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမိုးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့တွေအားလုံး မဲခွဲဆုံးဖြတ်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ NLD အနေနဲ့ နိုင်ငံသူ၊ နိုင်ငံသားများနဲ့ ပြည်သူအတွက် အကျိုးကိုရည်မျှော်ပြီးမှ ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရဲ့အခြေအနေ၊ နိုင်ငံသူနိုင်ငံသားများရဲ့ အကျိုးစီးပွားအပေါ်မှာ မူတည်ပြီးမှ ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို ပြင်ခဲ့ပြီးသား ဖြစ်တယ်။ ပြင်ခဲ့တာကို မဲခွဲဆုံးဖြတ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီအကျပ်အတည်း၊ ပြင်ဖို့ပြုဖို့ရအောင်လည်း အားလုံးဆောင်ရွက်ကြခြင်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ မဲခွဲဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အထွေအထူး ဘာမှပြောစရာမရှိပါဘူး” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် မျှော်လင့်ထားသော်လည်း မျှော်လင့်တိုင်း ဖြစ်လာချင်မှ ဖြစ်လာမည်ဖြစ်ပြီး လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အားလုံးသည် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အကောင်းဆုံး ဆောင်ရွက်ခဲ့ကြသည်ဟု မျှော်လင့်မိကြောင်း ဒေါက်တာလှမိုးက ဆက်လက်ပြောကြားသည်။

“သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုပြင်ပြောင်းလဲမှု မရနိုင်သေးခဲ့တာကိုတော့ ဆရာတို့အနေနဲ့ ဘာမှအထူး ပြောစရာမရှိပါဘူး။ တစ်ချိန်မှာ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေကနေပြီးတော့ အကျပ်အတည်းကနေပြီးမှ ပြုပြင်ပြောင်းလဲဖို့ အကျပ်အတည်းကနေပြီးတော့ ကျော်လွန်ဖို့ရာအတွက် ဆရာတို့အနေနဲ့ ဆက်လက်ပြီး ကြိုးစားရဦးမယ်၊ နိုင်ငံသူနိုင်ငံသားများကလည်း အားလုံးဝိုင်းဝန်း ကြိုးပမ်းကြရဦးမယ်ဆိုတဲ့ အသိတရား တစ်ခုတော့ ရပါတယ်။ ကျန်တဲ့ဟာတော့ အထွေအထူး ပြောစရာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့ရရှိလာသည့် ရလဒ်များနှင့် ပတ်သက်၍ သတိပြုနိုင်သည်များ အများအပြားရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကျပ်အတည်းကို အားလုံးသိပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်တွင်း ဆွေးနွေးမှုများသည် မည်သည့်အတွက်ကြောင့် နိုင်ငံ၏ လက်ရှိအခြေအနေများ ဖြစ်ပေါ်နေရခြင်းနှင့် ပြဿနာများ ဖြစ်ပေါ်နေသည်ဆိုသည့် အခြေအနေကို လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၏ ဆွေးနွေးချက်များနှင့် ပြည်သူကို တင်ပြပြီးဖြစ်ကြောင်း ဒေါက်တာလှမိုးက ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးတယ်ဆိုတာက ဒီအထဲမှာတင် ဆွေးနွေးတာ မဟုတ်ဘူး။ ပြည်သူကို တင်ပြနေတာ။ ပြည်သူကို အစီရင်ခံနေတာ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒါတွေရှိတယ်။ ဒီလို လစ်ဟာချက်တွေ ရှိတယ်။ ဒီလိုဟာကွက်တွေရှိတယ်။ ဒီလိုချို့ ယွင်းချက်တွေ ရှိတယ်။ ဒါကြောင့် ဒီလိုပြင်ရပါတယ်။ ဘာကြောင့် ဒီလိုမပြင်သင့်ပါဘူး ဆိုတာကို အားလုံးပြည်သူကို တင်ပြပြီးသား ဖြစ်တယ်။ ဒါကို ပြည်သူကို တင်ပြပြီးသား ဖြစ်တဲ့အချိန်မှာ ဒါကို ပြင်ဆင်ခွင့်မရဘူးဆိုရင် ပြည်သူဟာ ဘာဆက်လုပ်ရမလဲဆိုတာ ပြည်သူဟာ ပိုပြီးတော့ နားလည်ပါတယ်။ ကျွန်တော်တို့ထက်ပိုပြီး ပြည်သူက ပိုပြီး နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပြည်သူ့အားကို အများကြီးမျှော်လင့်ပါတယ်” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

ပြင်ဆင်လိုက်သည့် ပုဒ်မများအရ မသန်စွမ်းများအတွက် ကောင်းမွန်သည့် ပြင်ဆင်ချက် ဖြစ်သော်လည်း နိုင်ငံတော်တစ်ခုလုံး၏ အပြောင်းအလဲအတွက် အဓိကကျသည့်ပုဒ်မ မဟုတ်ကြောင်း၊ နိုင်ငံတော် ပြုပြင်ပြောင်းလဲချင်သည့်အတွက် ပြည်သူလူထုအားလုံးကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် မျှော်လင့်နေကြပြီး ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ စောင့်ကြည့်နေသည့်အတွက် ပြည်သူလူထု၏ ဆန္ဒမပြည့်ဟု ပြောရမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ သဘောထားအတိုင်း၊ ပြည်သူလူထု လိုချင်တောင့်တသည့်အတိုင်း မဖြစ်လာသည်ဟု ပြောနိုင်ကြောင်း၊ အမှန်တကယ် တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်သည်ဆိုပါက အားလုံး ၀ိုင်းဝန်းပါဝင်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်သို့ လေ့လာရေး လာရောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “အခု ဒီမှာပြင်ဆင်လို့ရတဲ့ ပုဒ်မ နှစ်ခုကို တွေ့ပါတယ်။ ဒါပေမဲ့ ဒီဥစ္စာကတော့ သိပ်ကြီးကြီးမားမားပေါ့နော်။ နိုင်ငံရေးအရ သိပ်ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တဲ့ အချက်အလက်တွေတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်ဘက်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  ကြိုးပမ်းနေမှုကို တွေ့ရပါတယ်။ လူထုအတွက် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အတွင်းကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဘက်ဘက်ကနေ ညှိနှိုင်းပေါင်းစပ်ပြီးတော့ ကြိုးပမ်းနေတာ ကျွန်တော် မြင်ရပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent