အကျယ်ချုပ်မှလွှတ်ပေးရန် ရော်နယ်လ်ဒင်ဟို၏တောင်းဆိုမှု ပယ်ချခံရပြီး အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရ

အကျယ်ချုပ်မှလွှတ်ပေးရန် ရော်နယ်လ်ဒင်ဟို၏တောင်းဆိုမှု ပယ်ချခံရပြီး အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရ
Published 9 March 2020

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု နှစ်ကြိမ်ရရှိဖူးသည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်း ရော်နယ်လ်ဒင်ဟိုနှင့် အစ်ကိုဖြစ်သူ ရောဘတ်တို၏ အကျယ်ချုပ်မှလွှတ်ပေးရန် တောင်းဆိုမှုကို တရားသူကြီးက ပယ်ချခဲ့ပြီး နောက် မတ် ၇ ရက်တွင် အကျဉ်းထောင်၌ ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

ရော်နယ်လ်ဒင်ဟိုနှင့် ရောဘတ်တိုသည် လောင်းကစားရုံပိုင်ရှင်တစ်ဦး၏ ဖိတ်ကြားမှုကြောင့် မတ် ၄ ရက်တွင် ပါရာဂွေးနိုင်ငံသို့ ပတ်စ်ပို့အတုများဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အသစ်ထွက်ရှိထားသည့် စာအုပ်မိတ်ဆက်ပွဲပြုလုပ်ရန်၊ ဆင်းရဲချို့တဲ့သည့် ကလေးငယ်များအတွက် Soccer Clinic အစီအစဉ်ပြုလုပ်ရန်၊ ဘရာဇီးလ် စီးပွားရေးသမားတစ်ဦးနှင့် လောင်းကစားရုံ ဖွင့်ပွဲတက်ရောက်ရန် စီစဉ်ထားသော်လည်း ရဲတပ်ဖွဲ့က မတ် ၄ ရက်ညပိုင်းမှာပင် ဟိုတယ်သို့ဝင်ရောက်ရှာဖွေရာ ပါရာဂွေးနိုင်ငံသားအဖြစ် ဖော်ပြထားသည့် ပတ်စ်ပို့အတုများ သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့ကို စစ်ဆေး ပြီးနောက် အစိုးရရှေ့နေတစ်ဦးက လူမှုရေးပြစ်ဒဏ်သာချမှတ်ရန် တောင်းဆိုခဲ့သော်လည်း တရားသူကြီးက ပယ်ချသဖြင့် မတ် ၆ ရက်တွင် ဝရမ်းထုတ်၍ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရော်နယ်လ်ဒင်ဟိုနှင့် ရောဘတ်တိုသည် ယင်းနေ့ ညတွင် ရဲဌာနချုပ် ရှိ အကျဉ်းခန်းတွင် ထိန်းသိမ်းခံခဲ့ရပြီး မတ် ၇ ရက်တွင် ကြားနာစစ်ဆေးရာ ၎င်းတို့က အကျယ်ချုပ်မှလွှတ်ပေးရန် တောင်းဆိုသော်လည်း တရားသူကြီးက ထပ်မံပယ်ချသဖြင့် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ထွက်ပြေးနိုင်ခြေရှိသဖြင့် ထိန်းသိမ်းထားရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း တရားသူကြီးက ပြောကြားသည်။

ပါရာဂွေးဥပဒေအရ အမှုကို ခြောက်လအတွင်း အပြီးစစ်ဆေးရမည်ဖြစ်သော်လည်း ၎င်းတို့၏ရှေ့နေ တာရက်တူမာက '' ဒီဆုံးဖြတ်ချက်က တစ်ဖက်သတ်ဆန်ပြီး ယုတ္တိမရှိပါဘူး။ ဘာတွေဖြစ်နေလဲဆိုတာ သူ (ရော်နယ်လ်ဒင်ဟို)လည်း နားမလည်ဘူးဖြစ်နေပါတယ်''ဟု ပြောကြားသည်။

ယင်းဖြစ်ရပ်အတွက် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံထားရသည်။

Most Read

Most Recent