ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ဦးကို ဖမ်းဆီးပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သူများအား အရေးယူထားကြောင်း BGF တာဝန်ရှိသူ ပြောကြား

ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ဦးကို ဖမ်းဆီးပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သူများအား အရေးယူထားကြောင်း BGF တာဝန်ရှိသူ ပြောကြား
Published 8 March 2020
ကိုရွှေသိန်း (မြဝတီ)

ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းကမ်းစပ်တွင် သတင်းဓာတ်ပုံရိုက်ရင်း ဖမ်းဆီးခံရသော  ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ BGF (နယ်ခြားစောင့်တပ်) တပ်နယ်(၄) မှစောပဒါးဗိုလ်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ ကျခံစေရန် အမိန့်ချ အပြစ်ပေးထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငါးဦးလုံးကို အပြစ်ပေးထားကြောင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်သော စောပဒါးဗိုလ်ကို BGF ဌာနချုပ်ရှိ အချုပ်ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ ကျခံစေရန်အပြစ်ပေးထားပြီး ဂိတ်တာဝန်ခံ ကိုစိုးကြည်အပါအဝင် လေးဦးကို မိခင်တပ်ရင်း၌ အပြစ်ပေးထားကြောင်း ဗဟိုအကြံ​ပေးနှင့် စည်းကမ်းထိန်းသိမ်းရေး (ဘားအံ) တာဝန်ခံ ဗိုလ်မှူး​ဇော်လင်းက​ ပြောကြားသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုကွပ်ကဲရေးနှင့် စည်းကမ်းထိန်းသိန်းရေး (ဘားအံ) တာဝန်ခံ  ဗိုလ်မှူးဇော်လင်းက “ငါးဦးကို စုံခုံရုံးမှာ စစ်ဆေးတဲ့အခါ စောပဒါးဗိုလ်ကတော့ မီဒီယာတွေကို ပြောပြတဲ့အတိုင်း သူကပြစ်မှုကျူးလွန်တာ ထင်ရှားတယ်။ အထက်အမိန့်တစ်စုံတစ်ရာမရဘဲ မိမိသဘောနဲ့ ပြစ်မှုကိုကျူးလွန်တယ်။ အထက်အမိန့်ကို မနာခံဘဲ ကျူးလွန်တာဖြစ်တဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ခြောက်လ အပြစ်ပေးထားတယ်။ ကျန်တဲ့လေးယောက်ကိုတော့ တပ်ရင်းမှာ အပြစ်ပေးထားပါတယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ နယ်ခြားစောင့်တပ်ဌာနချုပ် အချုပ်ထောင်တွင် အပြစ်ပေးခံနေရသူ BGF တပ်သားစောပဒါးဗိုလ်က မိမိကျူးလွန်ခဲ့သည့် အပြစ်အတွက် သတင်းထောက်နှစ်​ယောက်နှင့် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော သတင်းသမားများအားလုံးကို တောင်းပန်ပါကြောင်း ပြောကြားသည်။

စောပဒါးဗိုလ်က “ဒီနယ်နိမိတ်အဆောက်အအုံ၊ ကင်းစခန်းတွကို ဓာတ်ပုံရိုက်နေတော့ ကျွန်တော်တို့က ဖမ်းလိုက်တယ်။ ပြီးတဲ့နောက် ကျွန်တော်က ယောကျ်ားလေးကို ကန်မိတယ်။ မထိုးတော့မထိုးမိဘူး၊ သုံးလေးချက်ကန်မိတယ်။ ဘယ်တိုက်က သတင်းထောက်ပါလို့တော့ ပြောတယ်။ ပြောတဲ့အချိန်မှာ ခြေလွန်လက်လွန်သွားပြီ။ ဆိုတော့ ကျွန်တော့်မှာ အပြစ်ရှိပါတယ်။ ဒါကြောင့်မို့လို ကျွန်တော်အနူးအညွတ်တောင်းပန်တယ်။ ကျွန်တော်မှားတဲ့အတွက် ကျွန်တော်လည်းအပြစ်ခံယူနေရပြီ။ ကျန်တဲ့မီဒီယာတွေရော၊ သူတို့နှစ်ယောက်ကို စော်ကားမိတဲ့့အတွက် သူတို့ကို ပိုပြီးတော့ တောင်းပန်ချင်တာပေါ့နော်။ကျွန်တော်လုပ်မိတဲ့အတွက် ကျွန်တော့်မှာ အပြစ်ရှိပါတယ်” ဟု ပြောကြားသည်။

နယ်ခြားစောင့်တပ် ၁၀၂၂၊တပ်နယ် (၄) တာဝန်ခံဗိုလ်ကြီးအဆင့်ရှိ စိုးကြည်နှင့် တပ်ဖွဲ့ဝင်လေးဦးတို့က အဆိုပါသတင်းထောက်နှစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးရင်း တင်းမာမှုတစ်ခုကြောင့် သတင်းထောက်မာနော်အား ဒေါသအလျောက် သုံးလေးချက်ကန်ခဲ့ခြင်းဖြစ်သည်ဟုလည်း စောပဒါးဗိုလ်က ပြောကြားသည်။

မြဝတီနယ်စပ်ဂိတ်စခန်းအတွင်း သတင်းဓာတ်ပုံရိုက်၍ မတ် ၄ ရက်​ ညနေ ၄ နာရီခန့်က ထိန်းသိမ်းခံရသော မြန်မာသတင်းထောက်နှစ်ဦးမှာ မတ် ၅ ရက် ညနေ ၄ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်မြို့တွင် ဝူဟန်ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး သတင်းရယူရန်လာသော ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ယောက်သည် နယ်စပ်သဲပုံဆိပ်ဂိတ်အနီးတွင် သတင်းဓာတ်ပုံရိုက်ယူခဲ့ခြင်းကြောင့် မတ် ၄ ရက်​ ည​နေက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းထောက်နှစ်ဦးမှာ ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ သတင်းထောက် နော်ဘက်တီဟန်နှင့် မြန်မာတိုင်းသတင်းစာမှ ဓာတ်ပုံ သတင်းထောက် ကိုမာနော်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent