ပြည်ခိုင်ဖြိုးပါတီတွင် တိုင်းရင်းသားပါတီများနှင့် ရင်ဘတ်ချင်းတူညီသည့် တိုင်းရင်းသားရေးရာပေါ်လစီများ ချမှတ်ထားပြီးဖြစ်ဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြား

ပြည်ခိုင်ဖြိုးပါတီတွင် တိုင်းရင်းသားပါတီများနှင့် ရင်ဘတ်ချင်းတူညီသည့် တိုင်းရင်းသားရေးရာပေါ်လစီများ ချမှတ်ထားပြီးဖြစ်ဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြား
Published 8 March 2020
ဉာဏ်လင်းထွန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တိုင်းရင်းသားပါတီများနှင့် ရင်ဘတ်ချင်းတူညီသည့် တိုင်းရင်းသားရေးရာ ပေါ်လစီများ ရေးဆွဲချမှတ်ထားပြီး ဖြစ်သည်ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီက ပြောကြားသည်။

မတ် ၈ ရက်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် ပြုလုပ်သည့် မွန်ညီညွတ်ရေးပါတီ၏ တိုင်းဒေသကြီးရုံးခွဲ ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့ တက်ရောက်ခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးခင်ရီက အမှာစကားပြောကြားခဲ့သည်။

“ တိုင်းပြည်ရဲ့ အနာဂတ်ခရီးမှာ ကျွန်တော်တို့ ပါတီကိုယ်တိုင်ကလည်း တိကျပြတ်သားတဲ့ ဒီတိုင်းရင်းသားပါတီများနဲ့ ရင်ဘတ်ချင်းတူတဲ့ တိုင်းရင်းသားရေးရာပေါ်လစီများ ချထားပြီး ဖြစ်ပါတယ်။ ကွဲပြားမှု မရှိပါဘူး။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသား ပါတီများနဲ့ပေါင်းပြီးတော့ ဆွေးနွေးကြပါဦးမယ်။ စကားပြောကြပါဦးမယ်။ သွားချင်တဲ့ ရည်ရွယ်ချက်က အခုတိုင်းရင်းသားကြီးများ တင်ပြနေတဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင်ဖြစ်အောင် ကျွန်တော်တို့ပါတီက ဆောင်ရွက်ပေးဖို့ အသင့်ရှိပါကြောင်း ပြောကြားလိုပါတယ်” ဟု ဦးခင်ရီက မွန်ညီညွတ်ရေးပါတီ ရန်ကုန်တိုင်းရုံး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီ၏ ဖိတ်ကြားချက်အရ တိုင်းရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီရန်ကုန်တိုင်းရုံး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာနှင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှ တာဝန်ရှိသူတစ်ဦးလည်း တက်ရောက်ခဲ့ကြသည်။

ပါတီရုံးဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံရေးပါတီများ ဖိတ်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများက ဆောင်ရွက်ခြင်းဖြစ်ပြီး လတ်တလောအနေအထားတွင် ပြည်မပါတီကြီးများနှင့် မဟာမိတ်ဆက်ဆံရေးမရှိကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

“လောလောဆယ် အနေအထားက ပါတီကြီးတွေပေါ့နော်။ ပြည်မပါတီတွေ အထူးသဖြင့် NLD ပါတီတို့ ပြည်ခိုင်ဖြိုးပါတီတို့ ဒီကနေ့ ဒီအချိန်အထိက ကျွန်တော်တို့ပါတီနဲ့ နိုင်ငံရေးအရမဟာမိတ်အရ ဆက်ဆံပြီးပူးပေါင်းဖို့ဆိုတာ ဒီကနေ့အထိဘယ်သူမှ တရားဝင် ကမ်းလှမ်းထားခြင်းမရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကို ဖျက်သိမ်းပြီး နှစ်ပါတီ ပူးပေါင်းတည်ထောင်ထားသည့် မွန်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီဖြစ်သည်။

Most Read

Most Recent