“၀” သုံးပါတီ ပူးပေါင်းထားသည့် “၀” အမျိုးသားပါတီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင် လျှောက်ထား

“၀” သုံးပါတီ ပူးပေါင်းထားသည့် “၀” အမျိုးသားပါတီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင် လျှောက်ထား
Published 7 March 2020
ဉာဏ်လင်းထွန်း

“၀” ပါတီ သုံးပါတီ ပူးပေါင်းထားသည့် “၀” အမျိုးသားပါတီသည် မတ် ၄ ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လာရောက် လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

“၀” အမျိုးသားပါတီသည် ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အခြေစိုက်ပါတီများဖြစ်သည့် “၀”  ဒီမိုကရက်တစ်ပါတီ၊ “၀” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ “၀” လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ပူးပေါင်း၍ တည်ထောင်ထားခြင်းဖြစ်ပြီး ပါတီဌာနချုပ်အဖြစ် ဟိုပန်မြို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

“ပါတီတည်ထောင်ခွင့်ရလို့ မှတ်ပုံတင် လျှောက်လိုက်တာ” ဟု “၀” အမျိုးသားပါတီ၏ ဒုတိယခေါင်းဆောင် ဦးဆမ်ဆောင်းကားက ပြောကြားသည်။

ပါတီမှတ်ပုံတင် လျှောက်ထားမှုနှင့်အတူ တင်ပြလာသည့် ပါတီအမည်၊ အလံ၊ တံဆိပ်တို့ကို ကန့်ကွက်လိုက ကြေညာသည့် ရက်မှစ၍ ခုနစ်ရက်အတွင်း ခိုင်လုံအထောက်အထားဖြင့် ကန့်ကွက်နိုင်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

“၀” နိုင်ငံရေးပါတီများ ပူးပေါင်းစေလိုသည့် “၀” လူထု၏စိတ်ဆန္ဒကြောင့် ပါတီပူးပေါင်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းထားသည့် “၀” အမျိုးသားပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ၂၀၁၉ နှစ်ကုန်ပိုင်းက လျှောက်ထားခဲ့ကြောင်း သိရသည်။

“၀” သုံးပါတီ ပူးပေါင်းလိုက်ခြင်းကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဦးဆမ်ဆောင်းကားက ပြောကြားသည်။

“ဘာဖြစ်လို့ အဲဒီလိုပြောရဲလဲဆိုတော့ ကျွန်တော်တို့ “၀” လူထုတွေက မပူးပေါင်းဘူးဆိုရင် မဲမထည့်ဘူးလို့ ပြောလို့။ အခုက “၀” သုံးပါတီပေါင်းပြီး “၀” အမျိုးသားပါတီဖြစ်လာပြီဆိုရင် ကျွန်တော်တို့ “၀” တွေက ကျွန်တော်တို့ကိုပဲ မဲထည့်မှာပေါ့။ အဲဒါကြောင့် အကြီးအကျယ်နိုင်မယ်ပြောတာပေါ့” ဟု   ဦးဆမ်ဆောင်းကားက ပြောကြားသည်။

“၀” အမျိုးသားပါတီအနေဖြင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ ဟိုပန်နှင့် မက်မန်းမြို့နယ်များ အပါအဝင် “၀” လူမျိုးအများစုရှိရာ တန့်ယန်းနှင့် မိုင်းတုံမဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့နယ် ခြောက်ခုအနက် အစိုးရထိန်းချုပ်ရာ ဟိုပန်နှင့် မက်မန်းမြို့နယ် မဲဆန္ဒနယ်နှစ်ခုတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး “၀” လက်နက်ကိုင်အဖွဲ့ (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့နယ်အပါအဝင် မြို့နယ်လေးခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။

ထို့ကြောင့် ပန်ဆန်းမြို့နယ်အပါအဝင် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းစသည့် မြို့နယ်လေးခုတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူများနှင့် UWSA ခေါင်းဆောင်များ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၇ ရက်က ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုအတွင်း UWSA ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံက “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းအတွင်း ရွေးကောက်ပွဲကျင်းပရေးနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း “၀”  သတင်းဌာန WSTV က သတင်းဖော်ပြခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် ဟိုပန်နှင့် မက်မန်း မဲဆန္ဒနယ်နှစ်ခုတွင် “၀” ဒီမိုကရက်တစ်ပါတီက နေရာအများစုအနိုင်ရခဲ့ပြီး “၀” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက တစ်နေရာအနိုင်ရခဲ့သည်။

 

Most Read

Most Recent