အင်္ဂလန်၊ အာဂျင်တီနားနှင့် ပေါ်တူဂီအသင်းများအတွက် ကစားခွင့်ရှိသော်လည်း အမေရိကန်လက်ရွေးစင်အသင်းကိုသာ ကိုယ်စားပြုကစားမည်ဟု ဂျီယိုဗန်နီ အတည်ပြု

အင်္ဂလန်၊ အာဂျင်တီနားနှင့် ပေါ်တူဂီအသင်းများအတွက် ကစားခွင့်ရှိသော်လည်း အမေရိကန်လက်ရွေးစင်အသင်းကိုသာ ကိုယ်စားပြုကစားမည်ဟု ဂျီယိုဗန်နီ အတည်ပြု
Published 7 March 2020

 

ဒေါ့မွန်အသင်းမှ ဆယ်ကျော်သက်ကွင်းလယ်တိုက်စစ်ကစားသမား ဂျီယိုဗန်နီရေနာက အမေရိကန်လက်ရွေးစင်အသင်းအတွက်သာ ကစားသွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

(၁၇)နှစ်အရွယ်ရှိသေးသူ ဂျီယိုဗန်နီအနေဖြင့် အာဂျင်တီးနား၊ အင်္ဂလန်၊ ပေါ်တူဂီစသည့် ထိပ်သီးလက်ရွေးစင်အသင်းများတွင် ကစားခွင့်ရှိသော်လည်း အမေရိကန်အသင်းကိုသာ ရွေးချယ်ခဲ့သည်။

ဂျီယိုဗန်နီသည် မန်စီးတီး၊ ဆန်းဒါးလန်း၊ ရိန်းဂျားစ်အသင်းများ၌ကစားခဲ့သည့် အမေရိကန်ကွင်းလယ်လူဟောင်း ကလော်ဒီယိုရေနာနှင့် အမေရိကန်အမျိုးသမီးလက်ရွေးစင်ကွင်းလယ်လူဟောင်း အီဂန်တို့မှာ မွေးဖွားခဲ့သည့်သားဖြစ်သည်။

ဖခင်ဖြစ်သူ၏မိသားစုမှာ အာဂျင်တီးနားလူမျိုးများဖြစ်သဖြင့် အာဂျင်တီးနားအသင်းအတွက်လည်းကောင်း၊ ၎င်းမှာ အင်္ဂလန်၌မွေးဖွားခဲ့မှုကြောင့် အင်္ဂလန်အသင်းအတွက်လည်းကောင်း၊ အဖွားဖြစ်သူမှာ ပေါ်တူဂီလူမျိုးဖြစ်ပြီး ၎င်းမှာလည်း ပေါ်တူဂီပတ်စပို့တ်ကိုင်ဆောင်ထားခြင်းကြောင့် ပေါ်တူဂီအသင်းအတွက်လည်းကောင်း  အသီးသီးကစားခွင့်ရှိသော်လည်း ယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇ စသည့် သက်တမ်းလိုက်ကစားထားသည့် အမေရိကန်အသင်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'' ကျွန်တော့်အတွက် ဒါဟာ ရှင်းရှင်းလင်းလင်းပါပဲ။ အမေရိကန်အသင်းအတွက်ပဲ ကျွန်တော် ကစားပါလိမ့်မယ်။ ဒီနိုင်ငံက ကျွန်တော့်အိမ်ပါပဲ''ဟု ဂျီယိုဗန်နီက ဂျာမနီသတင်းစာ Ruhr Nachrichten သို့ ပြောကြားခဲ့သည်။

ထို့ကြောင့် ဂျီယိုဗန်နီအနေဖြင့် ယခုမတ်လအတွင်း နယ်သာလန်၊ ဝေးလ်စ်အသင်းများနှင့်ကစားဖွယ်ရှိသည့် အမေရိကန်အသင်း၏ ခြေစမ်းပွဲများတွင် ပါဝင်လာဖွယ်ရှိနေသည်။

ဂျီယိုဗန်နီသည် ပြီးခဲ့သည့် Winter Break ကာလအတွင်း ဒေါ့မွန်အသင်းကြီးသို့ ခေါ်ယူခြင်းခံခဲ့ရပြီး ယင်းကတည်းက အသင်း၏ပွဲစဉ်တိုင်း ပါဝင်ကစားခွင့်ရခဲ့သည်။

ဘွန်ဒစ်လီဂါတွင် ဂိုးမသွင်းနိုင်သေးသော်လည်း လက်ကျန်(၁၀)ပွဲတွင် ဂိုးသွင်းနိုင်ခဲ့လျှင် ဂျာမနီနိုင်ငံသားမဟုတ်သည့် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်မည်ဖြစ်ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်း၌မူ ဒုတိယအသက်အငယ်ဆုံးဖြစ်လာမည်ဖြစ်သည်။

ဖခင်ဖြစ်သူ ကလော်ဒီယိုရေနာသည် ရိန်းဂျားစ်အသင်း၌ကစားစဉ် ၎င်းနှင့်ရင်းနှီးခဲ့သည့် ဒတ်ချ်နာမည်ကျော်နောက်ခံလူဟောင်း ဂျီယိုဗန်နီဗန်ဘရွန်ခရော့စ်(လက်ရှိ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးR&Fအသင်းနည်းပြ)၏အမည်ကို ဂျီယိုဗန်နီကို သူ့သားအမည်တွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent