ပရီးမီးယားလိဂ်ပွဲစဉ်(၂၉) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၉) ပွဲကြိုသုံးသပ်ချက်
Published 7 March 2020

 

လီဗာပူးလ် နှင့် ဘုန်းမောက်  (စနေည ရးဝ၀ နာရီ)

လီဗာပူးလ်က ပြီးခဲ့တဲ့တစ်ပတ်က Biggest Shock မိသွားပြီး ရှုံးပွဲမရှိစံချိန်လည်း ရပ်တန့်သွားတယ်။ ပြဿနာက ဒီပွဲရဲ့ရှေ့က ချန်ပီယံလိဂ်မှာ ရှုံးပွဲတွေ့ထားသလို၊ ဝက်ဖို့ဒ်နဲ့ပွဲအပြီး FA ဖလားပွဲမှာလည်း ချယ်လ်ဆီးကို ဆက်ရှုံးခဲ့တယ်။ ဒါတွေက ကျရိပ်ပြတဲ့ လက္ခဏာအဖြစ် မြင်နိုင်တယ်။ ဒီအချိန်မှာ ဘုန်းမောက်နဲ့ကစားရတာ ကံကောင်းပါတယ်။ Turning Point ဖြစ်လာအောင် လီဗာပူးလ် လုပ်လိမ့်မယ်။ ဂိုးပြတ်သွားနိုင်တယ်။ 

ခရစ္စတယ်ပဲလေ့စ် နှင့် ဝက်ဖို့ဒ် (စနေည ၉း၃၀ နာရီ)

တန်းဆင်းဇုန်တိုက်ပွဲက ပြင်းထန်နေချိန်မှာ ပဲလေ့စ်က နှစ်ပွဲဆက်နိုင်ပွဲနဲ့အတူ လွတ်လွတ်ကင်းကင်းဖြစ်နေပြီ။ ဝက်ဖို့ဒ်အတွက်တော့ အစွမ်းကုန် ကြိုးစားရမယ့်အချိန်ဖြစ်ပြီး လီဗာပူးလ်ကို နိုင်ခဲ့တဲ့ပွဲက  အရှိန်နဲ့ ဆက်လိမ့်ဖို့ ကြိုးစားလိမ့်မယ်။ ဒယ်လိုဖူ မကစားနိုင်ရင် အားနည်းပေမယ့် အသင်းလိုက်ကစားပုံကတော့ ဆက်ကောင်းနေဦးမယ်ထင်တယ်။ ပဲလေ့စ်ဆီက ဝက်ဖို့ဒ် အမှတ်ယူနိုင်မှာပါ။ 

အာဆင်နယ် နှင့် ဝက်စ်ဟမ်း  (စနေည ၉း၃၀ နာရီ)

ဝက်စ်ဟမ်းကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး နှစ်ဦးတင်၊ တိုက်စစ်ကို လွတ်လွတ်လပ်လပ်ကစားပြီး နိုင်ပွဲယူခဲ့တယ်။ ဝက်စ်ဟမ်းကို ဆောက်သမ်တန်နဲ့ပွဲကလို ခြေစွမ်းမျိုးနဲ့ မမြင်ရတာကြာပြီ။ ခံစစ်ပြဿနာကတော့ ရှိနေဆဲဖြစ်ပြီး စိတ်မချရဘူး။ အာဆင်နယ်ကလည်း ဥရောပဝင်ခွင့်အတွက် ရုန်းကန်နေတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ ခြေစွမ်းလည်းမဆိုးဘူးလို့ ပြောလို့ရတယ်။ အာဆင်နယ် (၃-၁၊ ၃-၂)လောက်ဖြစ်မယ်။

ရှက်ဖီးယူနိုက်တက် နှင့် နောဝစ်ချ် (စနေည ၉း၃၀ နာရီ)

နောဝစ်ချ်က တန်းဆင်းဇုန်က လွတ်ဖို့ဆိုရင် မှော်ဆန်တာတွေလုပ်ပြဖို့လိုနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လက်စတာကို နိုင်ခဲ့တာမျိုးက ချီးကျူးစရာပါ။ ဒါပေမဲ့ ဒီလိုအသင်းတွေက များသောအားဖြင့် ခြေမှန်လေ့မရှိဘူး။ တစ်ပွဲနိုင်ပြီး နောက်တစ်ပွဲ ခြေပျက် သွားတတ်တယ်။ ရှက်ဖီးယူနိုက်တက်ကလည်း ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် အမှတ်လိုနေတဲ့အသင်းဖြစ်ပြီး ဒီပွဲမှာလည်း နောဝစ်ချ်ကို အမှတ်ခွဲပေးမှာမဟုတ်ဘူး။ 

ဆောက်သမ်တန် နှင့် နယူးကာဆယ် (စနေည ၉း၃၀ နာရီ)

နယူးကာဆယ်က FA ဖလားပွဲမှာတော့ ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ ဂိုးတွေအပြန်အလှန်သွင်းပြီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုး၊ ကန်သွင်းခွင့်၊ ထိုးဖောက်မှု၊ ဘောလုံးပိုင်ဆိုင်မှုစတဲ့ ကဏ္ဍအသီးသီးမှာ အဆိုးဆုံးဖြစ်နေတဲ့အသင်းပါ။ နှစ်သင်းစလုံး အမှတ်အသည်းအသန်မလိုကြပေမယ့် ဆောက်သမ်တန်ကစားတာ ပိုကြိုက်တယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ ဆောက်သမ်တန် နိုင်ပွဲရလိမ့်မယ်။ 

ဝုလ်ဗ် နှင့် ဘရိုက်တန် (စနေည ၉း၃၀ နာရီ)

စပါးကိုအဝေးကွင်းမှာအနိုင်ယူပြီးတဲ့နောက် ဝုလ်ဗ်ရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်က ပိုအားကောင်းလာသလို၊ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ မျှော်လင့်လို့ရလာတယ်။ ခံစစ်အားကောင်းသလို တိုက်စစ်ကလည်း နောက်ဆုံးနှစ်ပွဲမှာ (၆)ဂိုးသွင်းခဲ့တယ်။ ဘရိုက်တန်ကလည်း အမှတ်လိုနေတဲ့အသင်းဖြစ်ပြီး သရေတစ်မှတ်ယူဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ လက်ရှိ ဝုလ်ဗ်ရဲ့ခြေစွမ်းကို တားနိုင်ဖို့မလွယ်ဘူး။ ဝုလ်ဗ်ပဲ အနိုင်ရမယ်။ 

ဘန်လေ နှင့် စပါး (စနေည ၁၂းဝ၀ နာရီ)

ဘန်လေက In-form ဖြစ်နေတဲ့အသင်းဖြစ်ပြီး စပါးထက် ရလဒ်ပိုကောင်းတယ်။ လူအင်အားအရ မယှဉ်နိုင်ပေမယ့် ဘောလုံးမှာတော့ အသင်းလိုက်ကစားပုံကောင်းနေရင် ဒီအချက်က ပြဿနာမဟုတ်ဘူး။ ဘန်လေက တကယ်ကောင်းနေတယ်။ မော်ရင်ဟိုရဲ့စပါးက နှစ်ပွဲဆက် ရှုံးခဲ့တဲ့အသင်း။ ဒါပေမဲ့ အသင်းကြီးတွေနဲ့ တွေ့ခဲ့တာရယ်၊ ကစားပုံ အရမ်းမဆိုးတာရယ်ကို တွေ့ရတယ်။ ဒီပွဲတော့ စပါး ကပ်နိုင်မယ်ထင်တယ်။ 

 

Most Read

Most Recent