လုပ်ငန်းလိုင်စင်ပြုလုပ်ရာတွင် ရှုပ်ထွေးသည့်လုပ်ငန်းစဉ်များ၊ ဌာနများ၏ဝန်ဆောင်မှု ညံ့ဖျင်းခြင်းများနှင့် နားမလည်သောပြည်သူများကို အမိန့်ပေးစေခိုင်းသည့်ပုံစံများကြောင့် စိတ်ပျက်စရာဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လုပ်ငန်းလိုင်စင်ပြုလုပ်ရာတွင် ရှုပ်ထွေးသည့်လုပ်ငန်းစဉ်များ၊ ဌာနများ၏ဝန်ဆောင်မှု ညံ့ဖျင်းခြင်းများနှင့် နားမလည်သောပြည်သူများကို အမိန့်ပေးစေခိုင်းသည့်ပုံစံများကြောင့် စိတ်ပျက်စရာဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 7 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

လုပ်ငန််းလိုင်စင်ပြုလုပ်ရာတွင် ရှုပ် ထွေးသည့်လုပ်ငန်းစဉ်များ၊ ဌာနများ၏ ဝန်ဆောင်မှုညံ့ဖျင်းခြင်းများနှင့် နားမလည်သော  ပြည်သူများကို အမိန့်ပေးစေခိုင်းသည့်ပုံစံများကြောင့် စိတ်ပျက်စရာဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောကြားသည်။

မတ် ၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မန်တုံမဲဆန္ဒနယ် ဒေါ်နန်းမိုးက လုပ်ငန်းလိုင်စင်ပြုလုပ်ခြင်းအား One Stop Service ပြုလုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းမေးမြန်းရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားသည်။

“အခုလက်ရှိလုပ်ငန်းစတင်လုပ်ကိုယ်မယ့် လုပ်ငန်းရှင်အသစ်များကို စိတ်ဓာတ်ကျ စိတ်ပျက်ရေးစေတဲ့အချက်ကတော့ လုပ်ငန်းလိုင်စင်ပြုလုပ်ရာတွင် ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်များ၊ ဌာနများရဲ့ ညံ့ဖျင်းတဲ့ဝန်ဆောင်မှု၊ နားမလည်တဲ့ပြည်သူများကို ကောင်းမွန်စွာ လမ်းညွှန်ခြင်းမရှိဘဲ ဟိုအချက်အလက်လိုတယ်။ ဒီအချက်အလက်လိုတယ်နဲ့ ဟိုပြေးခိုင်း ဒီပြေးခိုင်းနဲ့ စေတနာနဲ့ လမ်းညွှန်ပေးတာ မဟုတ်ဘဲ အမိန့်ပေးစေခိုင်းတဲ့ပုံစံမျိုးတွေ ယဉ်ကျေးပျူငှာမှုမရှိတဲ့ဝန်ဆောင်မှုတွေနဲ့  လုပ်ငန်းစလုပ်တဲ့သူတွေအတွက် အင်မတန်မှစိတ််ပျက်ရပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောကြားသည်။

 SME လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်မှာ လုပ်ငန်းလိုင်စင်များ လုပ်ငန်းစတင်ချိန်တွင် အခက်အခဲမရှိစေရေးအတွက် လွယ်ကူရှင်းလင်းသည့် မူဝါဒလမ်းညွှန်ချက်များ လိုအပ်ကြောင်း၊ လုပ်ငန်းလိုင်စင်ကို မြန်မြန်ဆန်ဆန်လုပ်ပေးနိုင်မှသာ နောက်ဆက်တွဲများဖြစ်သည့် ထုတ်ကုန်များရောင်းချနိုင်မည်ဖြစ်ပြီး စျေးကွက်များ ရှာဖွေနိုင်ခြင်း၊ SME Loan များ လျှောက်ထားနိုင်ခြင်း၊ ထုတ်ကုန်စျေးကွက်ရရှိနိုင်ရေးနှင့် စျေးကွက်များ ရှာဖွေရေးအတွက် လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်မှုအားကောင်းအောင် အစိုးရအနေဖြင့် အသေးစားအလတ်အစားလုပ်ငန်းများ မှတ်ပုံတင်ရာတွင် အစိုးရအနေဖြင့်  လွယ်ကူရှင်းလင်းမြန်ဆန်စေရေး ပြုလုပ်ပေးရန်လိုအပ်ကြောင်း ဒေါ်နန်းမိုးက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး၏ မေးမြန်းမှုနှင့်ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာမင်းရဲပိုင်ဟိန်းက “စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများမှာ ကုမ္ပဏီဖွဲ့စည်းခြင်းနဲ့ မှတ်ပုံတင်ခြင်း၊ လုပ်ငန်းမှတ်ပုံတင်ခြင်း၊ လုပ်ငန်းလိုင်စင်ပြုလုပ်ခြင်းစတဲ့အဆင့်များ ဆောင်ရွက်ရပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ စက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ အသေးစားစက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေ၊ နည်းဥပဒေအရလည်းကောင်း လျှောက်လွှာတင်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ အတည်ပြုခြင်း၊ စိစစ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဟူ၍ လုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရပါတယ်” ဟု ပြောကြားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက််မှုဝန်ကြီးဌာနအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် စက်မှုလက်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတည်ပြုပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ နည်းဥပဒေများ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ် နည်းများနှင့်အညီ ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို စနစ်တကျစိစစ်၍ မှတ်ပုံတင်ပေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလုပ်ငန်းများ မှတ်ပုံတင်ထုတ်ပေးရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန််းက ပြောကြားသည်။

“အဲဒီလို မှတ်ပုံတင်ထုတ်ပေးတဲ့အခါမှာ သက်ဆိုင်ရာလုပ်ငန်းရဲ့ ထုတ်လုပ်တဲ့ပစ္စည်းနဲ့ လုပ်ငန်းသဘာဝအပေါ် မူတည်ပြီး ဓာတ်ခွဲစမ်းသပ်ရခြင်း၊သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ ရယူခြင်းတို့ ဆောင်ရွက်ပြီးမှသာ အတည်ပြုထောက်ခံချက်ထုတ်ပေး ရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဥညန One Stop Service အစီအစဉ်နဲ့ လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း အချိန်တိုအတွင်း ပြီးမြောက်အောင် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရှိရုံးခွဲများ ချိတ်ဆက်၍ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန် ကြီးက ပြောကြားသည်။

လုပ်ငန်းများကို မှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းကို မြန်ဆန်စွာဆောင် ရွက်ပေးနိုင်ရေးကို အထောက်အကူပြုနိုငရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေများ ရေးဆွဲလျက်ရှိပြီး လက်ရှိအချိန်အထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဆိုပါဥပဒေ၊ နည်းဥပဒေများကို အတည်ပြုပြဋ္ဌာန်းကာ လုပ်ထုံးလုပ်နည်းများနှင့််အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင်လည်း အမြန်ဆုံးရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 

 

Most Read

Most Recent