လစာကိစ္စနှင့်ပတ်သက်၍ ချင်းယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦး ပြန်လည်ဖြေရှင်း

လစာကိစ္စနှင့်ပတ်သက်၍ ချင်းယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦး ပြန်လည်ဖြေရှင်း
Photos: Chin United Facebook
Photos: Chin United Facebook
Published 4 March 2020

ယခုရာသီတွင် MNL သို့ တန်းတက်ခွင့် ရထားသည့် ချင်းယူနိုက်တက်အသင်းသည် ရာသီအစမှာပင် လစာငွေမရကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းသတင်းနှင့်ပတ်သက်၍ အသင်းတာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေရှင်းခဲ့ကြောင်းသိရသည်။

 

ယခုရာသီတွင် MNL သို့ တန်းတက်ခွင့် ရထားသည့် ချင်းယူနိုက်တက်အသင်းသည် ရာသီအစမှာပင် လစာငွေမရကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းသတင်းနှင့်ပတ်သက်၍ အသင်းတာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေရှင်းခဲ့ကြောင်းသိရသည်။

ချင်းယူနိုက်တက်အသင်း တာဝန်ရှိသူအချို့နှင့် ကစားသမားများအကြား နားလည်မှု လွဲမှားကာ လစာကိစ္စဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းပြဿနာကို ဖြေရှင်းထားပြီးဖြစ်ကြောင်း သိရသည်။ "လစာကိစ္စဖြစ်ပေါ်တယ်ဆိုတာ နားလည်မှုလွဲပြီး ဖြစ်သွားတာပါ။ အသင်း စီအီးအိုနဲ့ အုပ်ချုပ်သူတို့က မြန်မာနေရှင်နယ် လိဂ်ကော်မတီကထောက်ပံ့မယ့် ထောက်ပံ့ကြေးနဲ့ လစာတွေပေးလိုက်မယ်ဆိုပြီး ပြောခဲ့လို့ အသင်းပိုင်ရှင်ဘက်က လစာကိစ္စအတွက် ဘာမှမလုပ်ခဲ့တာပါ။ မြန်မာနေရှင်နယ်လိဂ် ကော်မတီက ဒီရာသီအတွက်ပေးမယ့် ထောက်ပံ့ကြေးတွေထဲက ရာခိုင်နှုန်း ၄၀ ကို ပထမအကျော့အပြီးမှာပေးမယ်လို့ ပြောထားလို့ စီအီးအိုနဲ့ အုပ်ချုပ်သူက လစာတွေကို ဒီပိုက်ဆံနဲ့ ပေးလိုက်မယ်ဆိုပြီး ပြောခဲ့တာပါ။ ဒါပေမဲ့ လစာက တစ်လချင်းပေးရတာဖြစ်တာကြောင့် ထောက်ပံ့ကြေးမရသေးခင် ကစားသမားတွေ ငွေလိုရင် ပေးနိုင်အောင် အသင်း ပိုင်ရှင်ဘက်က စီစဉ်ပေးထားပြီးသားပါ။ တချို့တွေလည်း ထိုက်သင့်သလောက် ထုတ် ထားပေးပြီးသားပါ။ အပြင်မှာ ထွက်ပေါ်နေတဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ လစာမရသေးဘူးဆိုတာ မဟုတ်ပါဘူး။ အမှန်တကယ်က ဇန်နဝါရီအတွက်ပဲ တချို့ကျန်တာပါ။ ဘောလုံးအသင်းအပါအဝင် အသင်းပိုင်ရှင်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတိုင်းမှာ လစာကို လဆန်း ၅ ရက်မှ ထုတ်ပေးတာပါ။ ဒီလိုသတင်းတွေထွက်လာတဲ့အတွက် အသင်းပိုင်ရှင်က ဖေဖော်ဝါရီအတွက် လစာငွေကို ထောက်ပံ့ကြေးကို မစောင့်ဘဲပေးဖို့ လုပ်ပေးထားပြီးသားပါ။ အသင်းမန်နေဂျာကို ချက်လက်မှတ်ပေးပြီးသားပါ။ ဇန်နဝါရီအတွက် လစာကျန်တဲ့သူ တွေကိုပါ တစ်ခါတည်းထုတ်ပေးဖို့ ပေါင်းထည့်ပေးပြီးသားပါ။ ပိုင်ရှင်အနေနဲ့ လစာကိစ္စကို မပေးတာမဟုတ်ပါဘူး။ အသင်းတာဝန်ရှိသူတွေကြားမှာ နားလည်မှုလွဲပြီး ဖြစ်သွားတာပါ။ ဒီလိုမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် နောက်လတွေမှာလည်း ပုံမှန်အတိုင်း လဆန်း ၅ ရက်မှာ လစာငွေတွေထုတ်ပေးသွားမှာပါ။ အသင်းရဲ့လစာငွေက တစ်လကို ကျပ်သိန်း ၁၉၀ ဝန်းကျင်ပဲရှိတဲ့အတွက် မပေး နိုင်စရာမရှိပါဘူး။ ပိုင်ရှင်က ပွဲနိုင်ရင် ဆုကြေးပေးသလို ကားနဲ့သွားဖို့ခက်ခဲရင် လေယာဉ်နဲ့ သွားဖို့လည်း အကုန်အကျခံပြီး စီစဉ်ပေးထားပြီးသားပါ။ ဒါ့အပြင် အသင်းသားအားလုံးကိုလည်း ဆေးကုသမှုတွေကို ပုံမှန်အတိုင်း ပြုလုပ်ပေးထားပါတယ်။ နားလည်မှုလွဲပြီး ကစားသမားတွေ အခက်အခဲဖြစ်သွားတဲ့အတွက် နောက်လတွေမှာ ဒီလိုမျိုးတွေမဖြစ်အောင် သေချာဆောင်ရွက်သွားမှာပါ" ဟု ချင်းယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေရှင်းခဲ့သည်။

ချင်းယူနိုက်တက်အသင်းသည် MNL သို့ တစ်ကျော့ပြန် တန်းတက်လာခြင်းဖြစ်ပြီး ပွဲစဉ် (၈) အပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခြောက်ပွဲရှုံး၊ လေးမှတ်ဖြင့် အဆင့် ၁၁ နေရာ ရပ်တည်လျက်ရှိသည်။ 

 

Most Read

Most Recent