■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်

■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်
Photo: Italy Football Team
Photo: Italy Football Team
Published 13 June 2024

■ အီတလီ

သမိုင်းကြောင်း

လက်ရှိချန်ပီယံ အီတလီအသင်းအနေဖြင့် အိမ်ရှင်အဖြစ် ကျင်းပသည့် ယူရို-၁၉၆၈ ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ပြီးနောက် နှစ်ပေါင်း(၅၂)ကြာမှ ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဒုတိယအကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့သည်။ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အီတလီ အသင်း မမျှော်လင့်သည့်အနေအထားနှင့် ဗိုလ်စွဲခဲ့သော်လည်း ဘယ်လ်ဂျီယံ၊ စပိန်၊ အင်္ဂလန်အသင်းများကို ကျော်ဖြတ်ဗိုလ်စွဲခဲ့သဖြင့် ထိုက်တန်သည့်အောင်မြင်မှုဟုလည်း ဆိုနိုင်သည်။ ယူရို- ၂၀၀၄ ပြိုင်ပွဲနောက်ပိုင်း အီတလီအသင်း အုပ်စုမှ လှည့်ပြန်ရ သည့် ကမောက်ကမအခြေအနေမျိုး မရှိတော့ဘဲ အနိမ့်ဆုံး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ပြိုင်ပွဲတွင် အထနှေးတတ်သည့် အစဉ်အလာ၊ အများစု မမျှော်လင့်ထားသည့် အခြေအနေမျိုးတွင် မထင်မှတ်သည်များ လုပ်ပြတတ်သည်က အီတလီ၏ဝိသေသလက္ခဏာကဲ့သို့ ဖြစ်နေသည်။

လက်ရှိအခြေအနေ

အီတလီအသင်းသည် လက်ရှိချန်ပီယံ ဖြစ်သော်လည်း ယခု ယူရိုခြေစစ်ပွဲအောင်မြင်ရန် ဒုတိယနေရာအတွက် ယူကရိန်း နှင့် နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရပြီး Head to Head အသာဖြင့် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာ့

ဖလားပြိုင်ပွဲ နှစ်ကြိမ်ဆက် လွဲချော်ခြင်းက အီတလီအသင်းအတွက် အမည်းစက်ဖြစ်ခဲ့ပြီး ယင်းအချက်ကြောင့်ပင် ယူရိုပြိုင်ပွဲ လက်ရှိချန်ပီယံပင် ဖြစ်လင့်ကစား ယခုပြိုင်ပွဲတွင် ရေပန်းစားမှု လျော့ကျနေခြင်းဖြစ်သည်။ လက်ရှိလူစာရင်းအရလည်း အီတလီ ကစားသမားအများစုက ဒုတိယတန်းစားအဆင့်မျိုး ဖြစ်နေပြီး အသင်းအရှိန်အဝါက လျော့ပါးလှသည်။ တိုက်စစ်တွင် ဆကာမာကာနှင့် ခီယေဆာ၊ ကွင်းလယ်တွင် ဂျော်ဂျင်ဟိုနှင့် ဘာရယ်လာတို့က Line-up သေချာနေပြီး ယင်းအစုအဖွဲ့က ပြိုင်ဘက် အသင်းများကို စိန်ခေါ်နိုင်ရေးအတွက် များစွာရုန်းကန်ရမည့် အနေအထားတွင် ရှိနေသည်။

အုပ်စုအလားအလာ

လက်ရှိချန်ပီယံ အီတလီအသင်းကို ရေပန်းစားမှု ပိုလျော့ကျသွားစေသည်ကလည်း မရဏအုပ်စုတွင် ကျရောက်နေသည့်အနေအထားကြောင့်လည်း ဖြစ်သည်။ အုပ်စုတွင်း တွေ့ဆုံရမည့် စပိန်အသင်းကို နောက်ဆုံးတွေ့ဆုံမှု (၅)ပွဲတွင် နိုင်ပွဲမရ ဖြစ်ခဲ့ပြီး ခရိုအေးရှားအသင်းကိုလည်း ယူဂိုဆလားဗီးယားပြည်ထောင်စုမှ ခွဲထွက်လာပြီးနောက် တစ်ပွဲမျှ အနိုင်မရတော့ခြင်းမှာလည်း အီတလီအသင်းအတွက် ပိုစိုးရိမ်စရာ ဖြစ်စေခဲ့သည်။  သို့သော် အီတလီအသင်းအတွက် ကံကြမ္မာကောင်းဟု ဆိုရမည်က အုပ်စုတွင်း အားအနည်းဆုံး အယ်လ်ဘေးနီးယားအသင်းနှင့်  အဖွင့်ပွဲကစားရခြင်းပင်ဖြစ်သည်။ အီတလီအသင်းအနေဖြင့် လက်ရှိခြေစွမ်းနှင့် အုပ်စုဒုတိယနေရာသာ အမြင့်ဆုံးဖြစ်နိုင်သည်။

■ စပိန်

ယူရိုပြိုင်ပွဲ နှစ်ကြိမ်ဆက်နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ကြိမ်စသော ပြိုင်ပွဲကြီး(၃)ရပ်ဆက် ဗိုလ်စွဲခဲ့သည့် စပိန်အသင်း၏ ရွှေရောင်အလွှမ်းဆုံးကာလများက အတိတ်တစ်ခုမှာ ကျန်ရစ်ခဲ့ပြီဖြစ်သည်။ ယူရိုပြိုင်ပွဲတွင် စပိန်အသင်းက နောက်ဆုံး(၈)ကြိမ် ဆက်အပါအဝင် (၁၂)ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ နည်းပြ ဒယ်လာဖွန်တေလက်ထက် စပိန်အသင်းက အသင်းသစ်တစ်သင်းကဲ့သို့ ဖြစ်နေပြီး စပိန်သက်တမ်းလိုက်အသင်းများကို ကိုင်တွယ်ခဲ့သူပီပီ လူငယ်များကို အားထားမှု ပိုလာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်နှစ်က ဒီလူငယ်အင်အားစုနှင့် Nations League ချန်ပီယံဆု ရယူနိုင်ခဲ့သောကြောင့် စပိန်အသင်းကို လျှော့တွက်၍မရသည့်စာရင်းထဲ ထည့်ရပေလိမ့်မည်။ မရဏအုပ်စုတွင် ပထမဆုံးနှစ်ပွဲမှာ ခရိုအေးရှား၊ အီတလီအသင်းများနှင့် ဆက်တိုက်ကစားရမှုက စပိန်အသင်းအတွက် စိန်ခေါ်မှု ကြီးမားလှသည်။ စပိန်အနေဖြင့် လက်ရှိချန်ပီယံ အီတလီထက် ခရိုအေးရှားနှင့်က အုပ်စုပထမနေရာ လုရနိုင်ခြေ ပိုများနေသည်။

■ ခရိုအေးရှား

ယူဂိုဆလားဗီးယားပြည်ထောင်စုပြိုကွဲပြီးနောက် ထွက်ပေါ်လာသည့်အသင်းများထဲတွင် ခရိုအေးရှားအသင်းက အအောင်မြင်ဆုံးအသင်းဟု ပြောရပေမည်။ ယူရိုပြိုင်ပွဲခြေစစ်ပွဲ (၈)ကြိမ်ဝင်ခဲ့ပြီး (၇)ကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ယူရို ပြိုင်ပွဲများတွင် ကွာတားဖိုင်နယ်အဆင့်ထက် မကျော်ခဲ့သော်လည်း ခရိုအေးရှား၏အဆင့်အတန်းက Level တစ်ခုတွင် ရှိခဲ့သည်မှာ ရလဒ်နှင့် တွေ့ဆုံခဲ့သည့် ပြိုင်ဘက်တွေက သက်သေခံနေသည်။ ပြီးခဲ့သည့်နှစ် Nations League ဗိုလ်လုပွဲတွင် ဒုတိယ နှင့်သာ ကျေနပ်ခဲ့ရသည့် အမာခံအင်အားဖြင့်သာ ယခု ယူရိုပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းလူအင်အားကလည်း ထိပ်သီးအသင်းများကို စိန်ခေါ်နိုင်စွမ်း ရှိနေသည်။ မရဏအုပ်စုတွင်း ကျရောက်နေသောကြောင့် ခရိုအေးရှား၏ရပ်တည်မှုကို ခန့်မှန်းရခက်သော်လည်း နောက်တစ်ဆင့်တက်မှာ သေချာသည်။

■ အယ်လ်ဘေးနီးယား

အယ်လ်ဘေးနီးယားအသင်းအနေဖြင့် အသင်းသမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ပထမဆုံးယှဉ်ပြိုင်သည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း အိမ်ဖြည့်အဆင့်မဟုတ် သည့်အနေအထားကို ပြသနိုင်ခဲ့သည်။ ခြေစစ်ပွဲအဆင့်တွင် ချက်နှင့် ပိုလန်အသင်းများအထက်မှ အုပ်စုပထမရပြီး ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်သည့် ခြေစွမ်းပိုင်းကိုမူ အသိအမှတ်ပြုရပေလိမ့်မည်။ အယ်လ်ဘေးနီးယားအသင်းတွင်

အီတလီအခြေ စိုက်ကစားသမား (၁၀)ဦးအထိ ပါဝင်နေပြီး ချယ်လ်ဆီးတိုက်စစ်မှူး ဘရိုဟာတို့နှင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ မရဏအုပ်စုအနေအထားကြောင့် အယ်လ်ဘေးနီးယားအနေဖြင့် ရေပန်းစားမှုတွင် နောက်ဆုံးရောက်နေပြီး လက်တွေ့အခြေအနေတွင်လည်း  နိုင်ပွဲတစ်ပွဲ၊ အမှတ်တစ်မှတ်ရလျှင်ပင် ကျေနပ်ရမည့်ပုံစံ ရှိနေသည်။