လူကာကူအား အပြီးသတ်ခေါ်ယူလိုသည့်အသင်းမရှိသဖြင့် ချယ်လ်ဆီးအသင်း အခက်တွေ့

လူကာကူအား အပြီးသတ်ခေါ်ယူလိုသည့်အသင်းမရှိသဖြင့် ချယ်လ်ဆီးအသင်း အခက်တွေ့
Photo: CentreGoals
Photo: CentreGoals
Published 27 June 2024

ချယ်လ်ဆီးအသင်းသည် အသင်းတိုက်စစ်မှူး လူကာကူအား အပြီးသတ်ခေါ်ယူလိုသည့် အသင်းမရှိသဖြင့် အခက်တွေ့နေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် လူကာကူ(၃၁ နှစ်)အား ၂၀၂၁ တွင် (ထိုစဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး) ပေါင် (၉၇.၅)သန်းဖြင့် ခေါ်ယူခဲ့သည်။

သို့ သော် လူကာကူသည် ၂၀၂၁ ဒီဇင်ဘာလတွင် ထိုစဉ်က ချယ်လ်ဆီးနည်းပြ တူဟယ်လ်နှင့် ပြဿနာဖြစ်ပြီး အသင်းတွင် မပျော်ရွှင်တော့ကြောင်း အင်တာဗျူးတွင် လူသိရှင်ကြား ပြောကြားခဲ့သည်။

ယင်းနောက် ချယ်လ်ဆီးအသင်းသည် လူကာကူကို အသင်းတွင် မထားလိုတော့ဘဲ ၂၀၂၂-၂၃ ရာသီတွင် အင်တာမီလန်၊ ၂၀၂၃-၂၄ ရာသီတွင် ရိုးမားအသင်းများထံ အငှားချခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကတည်းက လူကာကူအား ရောင်းထုတ်လိုခဲ့သော်လည်း ခေါ်ယူလိုသည့်အသင်းမရှိခဲ့ပေ။

ချယ်လ်ဆီးအသင်းသည် ယခုနွေတွင် လူကာကူအား ပေါင်သန်း (၃၀) ဝန်းကျင်အထိ စျေးလျှော့ကာ ရောင်းချလိုနေသော်လည်း ယင်းပြောင်းရွှေ့ကြေးနှင့် ၎င်း၏လစာကြောင့် အပြီးသတ်ခေါ်ယူလိုသည့် အသင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် လူကာကူအား ခေါ်ယူရန် အေစီမီလန်နှင့် နာပိုလီအသင်းတို့က စိတ်ဝင်စားနေသော်လည်း အဆိုပါအီတလီအသင်း (၂) သင်းစလုံးမှာ လူကာကူအား အငှားဖြင့်သာ ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။