ချယ်လ်ဆီးကို ရှုံးပြီး FA ဖလားက ထွက်လိုက်ရတဲ့ လီဗာပူးလ်

ချယ်လ်ဆီးကို ရှုံးပြီး FA ဖလားက ထွက်လိုက်ရတဲ့ လီဗာပူးလ်
Photos: Getty Images & Daily Mail
Photos: Getty Images & Daily Mail
Published 4 March 2020

■ ချယ်လ်ဆီး ၂-၀ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲမြောက်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာဖြစ်ပြီး FA ဖလားပြိုင်ပွဲကိုပါ လက်ပြနှုတ်ဆက်လိုက်ရတာ ဖြစ်ပါတယ်။ 

အိမ်ရှင် ချယ်လ်ဆီးရဲ့ ပွဲထွက်စာရင်းမှာ ဂိုးသမား ကယ်ပါ ပြန်လည်ပွဲထွက်ခွင့်ရခဲ့ပြီး ပတ်ဒရို၊ ဝီလီယံ၊ ဂျရူး၊ ကိုဗာဆစ်၊ ဘာကလေ၊ အက်ဇ်ပီလီကျူတာတို့နဲ့ လူစုံခဲ့ပါတယ်။ ကလော့ပ်ကတော့ တိုက်စစ်မှာ ဖေမီနိုနဲ့ ဆာလာကို အရန်ခုံမှာ ထားခဲ့ပြီး မာနေ၊ မီနာမီနို၊ အော်ရီဂီတို့ကို အသုံးပြုကာ ကွင်းလယ်မှာ လူငယ်ကစားသမား ကာတစ်ဂျုံးစ်ကို ဖာဘင်ညို၊ လယ်လာနာတို့နဲ့ အတူ ပွဲထုတ်ခဲ့ပါတယ်။ 

လီဗာပူးလ်ဟာ ပွဲအစပိုင်းမှာ ချယ်လ်ဆီးအသင်းကို ဖိအားပေးနိုင်ခဲ့ပြီး မာနေရဲ့ ကန်ချက်တွေကို ကယ်ပါ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ဂိုးတော့ မရခဲ့ပါဘူး။ ပွဲချိန် (၁၀) မိနစ်နောက်ပိုင်းမှာ ချယ်လ်ဆီးဟာ ကစားကွက် တည်ငြိမ်လာခဲ့ပြီး လီဗာပူးလ်ဘက်ကို ပြန်လည်ထိုးဖောက်နိုင်ခဲ့ပါတယ်။

ပွဲချိန် (၁၃)မိနစ်မှာတော့ လီဗာပူးလ်အသင်းရဲ့ အမှားကနေ ချယ်လ်ဆီး အဖွင့်ဂိုးရခဲ့ပါတယ်။ ဖာဘင်ညိုရဲ့ လူပေးအမှားကနေ ရရှိလာတဲ့ ဘောလုံးကို ဝီလီယံ ကန်သွင်းရာမှာ ဂိုးသမားတည့်တည့်ဖြစ်ခဲ့ပေမယ့် အက်ဒရီယန် ဖမ်းတာ ချော်ထွက်သွားလို့ ချယ်လ်ဆီးတို့ ဦးဆောင်ဂိုးရခဲ့တာပါ။ 

အဲဒီနောက်မှာ နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ကြပြီး ဂိုးသွင်းခွင့်တွေရခဲ့ကြပေမယ့် တိုက်စစ်ကစားသမားတွေ အသုံးချနိုင်ခဲ့ခြင်းမရှိလို့ ပထမပိုင်းမှာ ချယ်လ်ဆီးတို့ (၁-၀)ဂိုးနဲ့ နိုင်နေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ လီဗာပူးလ်တို့ ချေပဂိုးရဖို့ ဖိကစားခဲ့ပြီး ချယ်လ်ဆီးက တန်ပြန်တိုက်စစ်ကနေ လီဗာပူးလ်ကို ဖိအားပြန်ပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ 

ဒါပေမဲ့ လီဗာပူးလ်တိုက်စစ်မှာ မာနေ၊ မီနာမီနိုနဲ့ အော်ရီဂီတို့ အတွဲမမီတာကြောင့် ဂိုးရဖို့ ခက်နေပြီး ချယ်လ်ဆီးအသင်းရဲ့ တန်ပြန်တိုက်စစ်တွေက ပိုထိရောက်ခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် ဒုတိယဂိုးကို ပွဲချိန် (၆၄)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘာကလေက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး ရယူခဲ့ပါတယ်။ 

အဲဒီနောက်မှာလည်း ချယ်လ်ဆီးတောင်ပံကစားသမား ပတ်ဒရို ဂိုးသမားနဲ့ တစ်ယောက်ချင်း အပိုင်ကန်ခွင့်ရခဲ့သေးပေမယ့် အသုံးမချနိုင်လို့ လီဗာပူးလ်တို့ သက်သာရာ ရခဲ့တာပါ။ 

ကလော့ပ်ဟာ ပွဲချိန် မိနစ် (၇၀)မှာ ဖေမီနို၊ ဂျိမ်းစ်မီလ်နာတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အနေနဲ့ ချယ်လ်ဆီးခံစစ်နဲ့ ဂိုးသမား ကယ်ပါတို့ကို ကျော်ဖြတ်နိုင်ခြင်းမရှိသလို၊ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းကလည်း ဗန်ဒိုက် ဦးဆောင်တဲ့ လီဗာပူးလ်နောက်တန်းကို တောက်လျှောက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်အနေနဲ့ နောက်ပိုင်းမှာ ဆာလာကိုပါ ထည့်သွင်းပြီး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးနောက်တန်းကို မကျော်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက (၂-၀)ဂိုးနဲ့ FA ဖလားကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းအနေနဲ့ ဒီရာသီ ဥရောပစူပါဖလားနဲ့ ပရီးမီးယားလိဂ် ပထမအကျော့မှာ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းကို ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

 

Most Read

Most Recent