ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပ‌ဒေမူကြမ်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေး‌‌‌နွေးချက်အချို့ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပ‌ဒေမူကြမ်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေး‌‌‌နွေးချက်အချို့ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်
Published 3 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီဝင် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ ဆွေးနွေးချက်အချို့ကို NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့ကြသည်။

မတ် ၃ ရက်က ကျင်းပသည့်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်အတွင်း ဆွေးနွေးခဲ့သော ဒေါ်ခင်စောဝေ၏ ဆွေးနွေးချက်အချို့ကို မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“ယခုပြင်ဆင်ချက်ဇယားနှစ်ခုပါ ပုဒ်မများကို လေ့လာခြုံငုံသုံးသပ်ကြည့်တဲ့အခါမှာ ပြင်ဆင်ချက်အများစုဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလိုလားတဲ့အဖွဲ့နဲ့ စစ်မှန်သော ဒီမိုကရေစီလိုလားတဲ့အဖွဲ့နှစ်ခုကြား လုပ်ပိုင်ခွင့်အာဏာကို သူနိုင်ကိုယ်နိုင် အားပြိုင်နေကြတဲ့ ပြင်ဆင်ချက်တွေဖြစ်ကြောင်း တွေ့ရှိနေပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များမှ တင်ပြထားသည့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်ပေါင်း ၃၇၆၅ ချက်တွင် NLD ပါတီမှ ပြည်နယ်ဖွဲ့စည်းပုံသီးခြားရေးဆွဲရေးအပါအဝင် အဆိုပြုချက် ၈၅၈ ချက် တင်ပြခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေမူကြမ်းအဖြစ် တင်သွင်းလာသည့်အချိန်တွင် NLD ပါတီ၏ ပြင်ဆင်ချက်ပုဒ်မ ၁၄၄ ချက်သာပါ ရှိခဲ့သည်ကိုတွေ့ရကြောင်း ၎င်းက ဆိုသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးခဲ့သည့်အချိန်က NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၂၆၁ (ခ) ပြင်ဆင်ချက်အဆိုကို ထောက်ခံဆွေးနွေးခဲ့သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များက မူလအတိုင်းထားရန်ဟု သဘောထားပေးခဲ့ကြခြင်းကြောင့် ပြင်ဆင်ချက်အဆို မအောင်မြင်ခဲ့ကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။

“ယခုတဖန် ဒုတိယအကြိမ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဦးသိန်းထွန်း ကျောင်းကုန်း မဲဆန္ဒနယ်အပါအဝင် တပ်မတော်သားကိုယ်စားလှယ်များက ပြင်ဆင်ချက်အဆိုတင်သွင်း လာခဲ့တာကို NLD ပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်လာခြင်းအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းလို့ပဲ သံဝေဂ ယူရတော့မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေများကို အမှန်တကယ်ပြင်ဆင်မည်ဆိုလျှင် အတားအဆီး အကန့်အသတ်သဖွယ် ဖြစ်နေသော ပုဒ်မ ၄၃၆ ကို အရင်ဆုံးပြင်ရမည်ဖြစ်ပြီး လက်ရှိပြဋ္ဌာန်းချက်အရ ရွေးကောက်ခံ ကိုယ်စားလှယ်များပါသည်ဆိုပါကလည်း ၂၅ ရာခိုင်နှုန်းပါဝင်နေသည့် တပ်မတော်သားကိုယ်စားလှယ်များ၏ ထောက်ခံမှုမရရှိဘဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမဲရရှိရန် မဖြစ်နိုင်ကြောင်းနှင့် တပ်မတော်သားကိုယ်စားလှယ်များက သဘောမတူလျှင် မည်သည့်ပုဒ်မကိုမျှ ပြင်ဆင်၍ မရနိုင်ကြောင်း ဒေါ်ခင်စောဝေက ထောက်ပြသည်။

ဒေါ်ခင်စောဝေ၏ ဆွေးနွေးမှုများနှင့် ပတ်သက်၍ “၎င်းတို့ပါတီအနေနဲ့ အချက်ပေါင်း ၅၀၀ ကျော်တင်တဲ့အထဲမှာ ၁၁၄ ချက်သာ အခုပါလာတယ်။ ပါလာတဲ့ ၁၁၄ ချက်ကလည်း NLD ပါတီကတင်တဲ့ ကိစ္စတွေသာဖြစ်တယ်။ အဲဒီအတွက် တိုင်းရင်းသားပါတီ၊ တိုင်းရင်းသားတွေကို အလေးမထားတာလား။ ပြည်ထောင်စုတည်ဆောက်ချင်တယ်ဆိုတာ ဟုတ်ပါရဲ့လားဆိုတဲ့ စကားရပ်ပါပါတယ်” ဟု NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက မတ်ရပ်ကန့်ကွက်ရာတွင် ထည့်သွင်းပြောကြားသည်။

အထက်ပါစကားရပ်များကို မကန့်ကွက်ချင်သော်လည်း ဥပဒေ၏ပုဒ်မ ၁၉(င)နှင့် ၁၉(ည)ကို တိုက်ရိုက်ဆန့်ကျင်ဆွေးနွေးသွားသည့်အတွက် လုံးကောက်မှ နုတ်ပယ်ပေးရန် တင်ပြအပ်ကြောင်း ဦးနေမျိုးထွန်းက ဆိုသည်။

တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ဆွေးနွေးသွားတဲ့အထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက မထောက်ခံရင်၊ မပြင်ချင်ရင် ဘယ်လိုမှ ပြင်လို့မရပါဆိုတဲ့ စကားအသုံးအနှုန်း ပါပါတယ်။ အဲဒါလွှတ်တော်အတွင်းမှာ ချစ်ကြည်လေးစားရေးကို ထိခိုက်စေသည်ဟု နားလည်ပါတယ်” ဟု ကန့်ကွက်ခဲ့သည်။

နည်းဥပဒေ ၁၉(ခ)နှင့် နည်းဥပဒေ ၁၃၈ အရ ငြိစွန်းကြောင်း၊ ဆွေးနွေးသည့်ပုဒ်မနှင့်လည်း တိုက်ရိုက်မသက်ဆိုင်ဘဲ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း က ပြင်ချင်သော်လည်း ကျန်သည့်အဖွဲ့များ ပြင်ချင်မှသာ ပြင်လို့ရကြောင်း၊ အထက်ပါ စကားရပ်သည် အဖွဲ့တစ်ခုအပေါ်တွင် အထင်အမြင်လွဲမှားစေပြီး ယုံကြည်မှု၊ ချစ်ခင်လေးစားမှုကို ထိခိုက်စေသည့်အတွက် ယင်းစာသားကို ဖျက်ပေးရန်တင်ပြအပ်ကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက ဆိုသည်။

ကိုယ်စားလှယ်နှစ်ဦး၏ တင်ပြကန့်ကွက်မှုများနှင့်ပတ်သက်၍ လုံးကောက်မှတ်တမ်းကို ပြန်လည်ဖော်ထုတ်ပြီး ဥပဒေနှင့် ညီ၊ မညီ ပြန်လည်စိစစ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

 

 

Most Read

Most Recent