ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားလာပါက တပ်မတော်သည် စတင်ရှင်းရသည့်အဖွဲ့ ဖြစ်ခြင်းကြောင့် ကိုယ်စရှင်းရမည့်ပြဿနာကို မည်သည့်အချိန်မှမဖန်တီးဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား

ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားလာပါက တပ်မတော်သည် စတင်ရှင်းရသည့်အဖွဲ့ ဖြစ်ခြင်းကြောင့် ကိုယ်စရှင်းရမည့်ပြဿနာကို မည်သည့်အချိန်မှမဖန်တီးဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား
ဖေဖော်ဝါရီ  ၂၂ ရက်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
ဖေဖော်ဝါရီ  ၂၂ ရက်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Published 23 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားလာပါက တပ်မတော်သည် စတင်ရှင်းရသည့် အဖွဲ့ဖြစ်ခြင်းကြောင့် ကိုယ်စရှင်းရမည့် ပြဿနာကို မည်သည့်အချိန်မှ မဖန်တီးဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်း ပြတိုက်၌ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဦးတွင် မွတ်ဆလင်လူငယ် အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့အကြား မည်သူ့လက်ချက်ဆိုသည့် စွပ်စွဲမှုများရှိပြီး လူမျိုးဘာသာရေး ပဋိပက္ခတွေ ဖြစ်အောင်လုပ်နေတယ်ဆိုသည့်  ဝေဖန်မှုများအပေါ် တပ်မတော်အနေနှင့် ဘာပြောချင်လဲဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင်ဆိုတော့ ရခိုင်ပြည်နယ်မှာ ကျွန်တော် ပြန်ပြီးမေးချင်တာက ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခဖြစ်လို့ရှိရင် ပထမဦးဆုံး စရှင်းရတဲ့အဖွဲ့က ဘယ်အဖွဲ့လဲလို့ ကျွန်တော်မေးချင်တယ်။ တပ်မတော်က စရှင်းရတာလေ။ တပ်မတော်ကတော့ ကိုယ်စရှင်းရမယ့် ပြဿနာကို ဘယ်တော့မှ မဖန်တီးဘူး။ ကျွန်တော် ခဏခဏပြောတယ်။ကိုယ့်လည်ပင်းကိုယ် ဘယ်တော့မှ ကြိုးကွင်းမစွပ်ဘူး။ ဘယ်ကောင်တွေက လာစွပ်ခိုင်းနေတယ်ဆိုတာ ခင်ဗျားတို့ သိလိမ့်မယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး စဖြစ်သည့်အချိန်တွင် တပ်မတော်ရှိ အကြီးအကဲများကလည်း ယင်းကိစ္စသည် အရေးကြီးသည်ကို သိရှိခြင်းကြောင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခမဖြစ်စေချင်သည့်အတွက် ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း တပ်မတော်အနေဖြင့် မီဒီယာများကို ပြောခြင်း၊ အဖြစ်မှန်ပြောခြင်းများနှင့် သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “တချို့ မီဒီယာတွေလည်း သူတို့ရဲ့ ဆန္ဒစွဲတွေနဲ့ကတော့ ဖော်ပြကြမှာပေါ့။ ဆန္ဒစွဲတွေနဲ့ မေးပြီးတော့ ဖော်ပြကြမှာပေါ့။ သို့သော် ကျွန်တော် ပြောချင်တာက ကာယကံရှင်ကို မေးကြည့်ပါ။ အဲဒီမှာ အဖမ်းခံရတဲ့ လူနှစ်ယောက်ရှိတယ်။ အသတ်ခံရတဲ့ လူတစ်ယောက်ရှိတယ်။ ထွက်ပြေးလာတဲ့ ဘင်္ဂါလီအမျိုးသားတစ်ဦး ရှိတယ်။ သူ့ကို မေးကြည့်ပါ။ သူ့ကို မေးကြည့်ရင် အဖြစ်မှန် သိလိမ့်မယ်။ သူကတော့ ဘယ်လိုလုပ်လိမ်မလဲ။ သူကိုယ်တိုင် ပြောတာပဲလေ၊ ဒီဟာတွေသည် သူတို့ဖုန်းကို အသုံးပြုနေစဉ် အချိန်အတွင်းမှာ ရောက်လာတယ်။ ရောက်လာပြီးတော့ မင်းတို့ တပ်ကို သတင်းပေးနေတဲ့ ကောင်တွေလားဆိုပြီး မေးတယ်။ မေးပြီးတော့ ဖမ်းချုပ်တယ်။ စောထူးက ပြန်လွတ်မြောက်လာတယ်။ နောက်ပြီးတော့ မောင်တင်လှိုင်ကတော့ နောက်နေ့မနက်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့တယ်” ဟု ပြောကြားသည်။

အထက်ပါဖြစ်သည့် ဖြစ်ပွားသည့်နေရာသို့ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့် (နောက်တစ်နေ့ မနက်ပိုင်း) တွင် မြောက်ဦးရှိ ဒုတိယရဲမှူးတစ်ဦး သွားရောက်စစ်ဆေးသည့် အခါတွင်လည်း အထက်ပါအတိုင်း ဖြစ်ပွားသည်ဆိုခြင်းကို ရွာသူရွာသားအားလုံးက ပြောပြီးဖြစ်ကြောင်းနှင့် စစ်ဆေးသူများ ပြန်သွားသည့်အချိန် ၁၁ နာရီခန့်တွင်မှ နှစ်ဖက်တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုအခြေအနေကတော့ ၁၉ ရက်နေ့ကတည်းကတိုင် တည်ငြိမ်သွားပြီဖြစ်တယ်။ သို့သော် ကျွန်တော် ခဏခဏ ပြောခဲ့တယ်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခကိုဖြစ်အောင် ဘာလို့လုပ်နေလဲဆိုတဲ့အကြောင်း အရင်းက ICJ ရဲ့ သူတို့ဆီကနေ ဆုံးဖြတ်ချက် ထွက်လာပြီးနောက်ပိုင်းမှာမှ ဘူးသီးတောင်၊ မောင်တော ဒေသက ဘူးသီးတောင်ဘက် ဒေသတွေမှာ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တဲ့ဟာမျိုးတွေရှိတယ်။ မိုင်းထိပြီး သေတဲ့ဟာတွေရှိတယ်။ ပြီးရင် ဘယ်လောက်အထိ ဟိုဟာပြုလဲဆိုတော့ ခုနက ဗိုလ်ချုပ်ထွန်းထွန်းညီ ရှင်းသွားတဲ့အထဲမှာ ပါတယ်။ ဘင်္ဂါလီ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့ဟာ၊ ရုပ်သံတွေရော၊ ဗီဒီယိုဖိုင်တွေရော အကုန်လုံးထွက်လာပြီးတဲ့ အခါတောင်မှပဲ သူက တပ်က လုပ်သွားသယောင် ပြောသေးတာကို။ တပ်က လုပ်သွားတယ်ဆိုတဲ့ ပုံစံမျိုးပြောသေးတာ။ လုံးဝကို ငြင်းလို့မရတော့လို့မို့လို့ ဒီမှာသက်သေအခိုင်အလုံ အထောက်အထား အခိုင်အလုံနဲ့ ရှင်းထားလို့ လုံးဝငြင်းလို့မရလို့သာ။ နို့မို့ဆို တပ်က လုပ်တယ်ဆိုတာမျိုး ဖြစ်ဦးမှာ” ဟု ပြောကြားသည်။

 အထက်ပါဖြစ်စဉ်သည်လည်း ရှင်းရှင်းလေးသာဖြစ်ပြီး အမှန်တကယ် ဖြစ်ပျက်နေပြီးနောက်ပိုင်း ၁၉ ရက်နေ့ ၁၀ နာရီ၊ ၁၁ နာရီ နောက်ပိုင်းတွင် မည်သည့်အတွက်ကြောင့် ယင်းဒေသရှိ ဘင်္ဂါလီများက ဖြတ်သွားဖြတ်လာ လုပ်နေသော လူများကို အန္တရာယ်ပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် တပ်မတော်က လုပ်ဆောင်သည်ဆိုပါက တပ်မတော်က လုပ်သည်ဟု ပြောမည်ဖြစ်ပြီး မည်သူလုပ်သည်ကို သိခြင်းကြောင့် ယင်းဒေသရှိ လူများကို ရိုက်ခြင်း၊ သုံးဘီးဆိုင်ကယ်များ ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ထွန်းထွန်းညီက “ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ထပ်ပြီးတော့ ဖြည့်စွက်ပြီး ပြောချင်တာကတော့ သတင်းမီဒီယာတွေက တပ်မတော်ကို ဘယ်လို အဓိပ္ပာယ်သတ်မှတ်ပါသလဲ။ AA အကြမ်းဖက် သောင်းကျန်းသူတွေကို ဘယ်လိုသတ်မှတ်ပါသလဲ။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ တပ်မတော်ပဲ ပါတယ်။ အဲဒီတော့ မီဒီယာတွေရဲ့ သတ်မှတ်ချက်က ဘယ်လိုသတ်မှတ်ချင်တာလဲ။ သူတို့လုပ်ရပ်တွေအပေါ်မှာ မူတည်ပြီးတော့မှ ကျွန်တော်တို့က သတင်းတွေ ထုတ်ပြန်ပေးနေတယ်။ ကျွန်တော်တို့က တရားဝင်အဖွဲ့အစည်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်နေခြင်း ဖြစ်ကြောင်းနှင့် တပ်မတော်သား အားလုံးကလည်း ပေးအပ်သည့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “အဲဒီတော့ AA ဆိုတာ ဘာလဲဆိုရင် ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ ခုနက ပြောသလို တပ်မတော်က ဖိနှိပ်နေတယ်ဆိုတဲ့ဟာ မှန်သလား၊ မှားသလား။ ခုနကပြောတဲ့ သူတို့အဖွဲ့တွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း ကျွန်တော်တို့ ပြောခဲ့ပြီးပြီ။ သူတို့အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေ ခုနက ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောသွားတာပေါ့။ လယ်ပြင်မှာ ဆင်သွားနေတာတောင်မှဗျာ။ ခင်ဗျားတို့ ကျွန်တော် စကားပြောတာ ဟိုလိုဖြစ်လို့ရှိရင်တော့ ဆင်ကို မျက်စိကောင်းတဲ့လူကတော့ ဆင်ကို ဆင်လို့ပဲ မြင်မှာပါ” ဟု ပြောကြားသည်။