နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးအပ်ရေးကိစ္စများ အပါအဝင် နားလည်မှုစာချွန်လွှာ ခြောက်ခု ရေးထိုးရန်ရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြောကြား

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးအပ်ရေးကိစ္စများ အပါအဝင် နားလည်မှုစာချွန်လွှာ ခြောက်ခု ရေးထိုးရန်ရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြောကြား
  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အိန္ဒိယသမ္မတတို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အိန္ဒိယသမ္မတတို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ်
Published 22 February 2020
နေရိုင်း၊ ဇေယျာထွန်း

နိုင်ငံတော်သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံသွားရောက်မည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေးကိစ္စများအပါအဝင် နားလည်မှုစာချွန်လွှာ ခြောက်ခု ရေးထိုးရန်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားသည်။

ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးရေးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော်သမ္မတ၏ အိန္ဒိယခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွက် နားလည်မှုစာချွန်လွှာရေးထိုးရန် နှစ်ဖက်ညိနှိုင်းထားချက်အရ (၁) မြန်မာနိုင်ငံဟူးကောင်း တောင်ကြားကျားထိန်းသိမ်းရေးကိစ္စရပ်များ နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန်၊ (၂) ပရောဂျက်လုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံမှ ဂရပ်ပေးရန်၊ (၃) ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်နှင့် ဂွမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီပေးအပ်ရန်၊ (၄) ရခိုင် ပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ်အား နေရောင်ဆိုလာဖြင့် လျှပ်စစ်ဓာတ် အားပေးရန်၊ (၅) ရခိုင်ပြည်နယ် ဘူးသီးတောင်တွင် လမ်းဖောက်လုပ်ရေးနှင့် (၆) ဆေးဝါးသုတေသန ကိစ္စရပ်များတွင် အိန္ဒိယ မြန်မာပူးပေါင်း ဆောင်ရွက်ရေးတို့အား ရေးထိုးသွားရန် ရှိကြောင်းသိရသည်။

ထို့ပြင် အဆိုပါနားလည်မှုစာချွန်လွှာ ခြောက်ခုအပြင် အခြားနားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုများကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကဆိုသည်။

“ခရီးစဉ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်လို့ နားလည်မှုစာချွန်လွှာ MoU ခြောက်ခု လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းထားပြီးဖြစ်ပါတယ်။ ဒါက ထိုးဖို့ အလားအလာ များပါတယ်။ နောက်ထပ်လည်း ဒီခရီးစဉ်အတွင်းမှာ ညှိနှိုင်းနေတဲ့ MoU တွေ ရှိပါတယ်။ ဒါကတော့ နှစ်ဖက်ညှိနှိုင်းနေတာ မပြီးပြတ်သေးတဲ့အတွက် အချိန်မှီရင်တော့ နောက်ထပ် MoU တွေ လက်မှတ်ထိုးဖို့ရှိပါမယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် အိန္ဒိယ သမ္မတနိုင်ငံသို့ တရားဝင်သွားရောက်မည့် ခရီးစဉ်သည် လေးရက်ကြာမြင့်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် နေပြည်တော်မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ အိန္ဒိယခရီးစဉ်တွင် ဖေဖော်ဝါရီ ၂၆ ရက်၌ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုဝင်များနှင့် တွေ့ဆုံခြင်း၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံသမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့အား သီးခြားစီတွေ့ဆုံခြင်းတို့ ဆောင်ရွက်ရန် စီစဉ်ထားကြောင်းသိရသည်။

အိန္ဒိယနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့် ပထမဆုံးအကြိမ်သွားရောက်မည့် ခရီးစဉ်ဖြစ်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

 

 

 

Most Read

Most Recent