ရန်ကုန်တိုင်းအတွင်း ဘဏ္ဍာငွေ လျာထားချက်များတင်ပြရာတွင် ဝန်ကြီးဌာနများအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်ခြင်းမရှိသဖြင့် ဘတ်ဂျက်ဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ဟု ပြည်သူ့ငွေစာရင်းကော်မတီ ထောက်ပြ

ရန်ကုန်တိုင်းအတွင်း ဘဏ္ဍာငွေ လျာထားချက်များတင်ပြရာတွင် ဝန်ကြီးဌာနများအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်ခြင်းမရှိသဖြင့် ဘတ်ဂျက်ဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ဟု ပြည်သူ့ငွေစာရင်းကော်မတီ ထောက်ပြ
ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အခမ်းအနားကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အခမ်းအနားကို တွေ့ရစဉ်
Published 22 February 2020
ဆန်းထူးအောင်၊ စည်သူ

ရန်ကုန်တိုင်းအတွင်း ဘဏ္ဍာငွေ လျာထားချက်များ တင်ပြရာတွင် ဝန်ကြီးဌာနများအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းကာဆောင်ရွက်ခြင်းမရှိသဖြင့် ဘတ်ဂျက်ဖောင်းပွမှုများဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၁ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဦးတင့်လွင်က လွှတ်တော်သို့ တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂ဝခု ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ သုံးစွဲရန်ကာလသည် မိုးတွင်းကာလဖြစ်ပြီး အချိန်ရရှိမှု တိုတောင်းသဖြင့် လျာထားချက်ကို လွှတ်တော်မှ အတည်ပြုပြီးပါက သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်နိုင်သည်များကို စီစဉ်ဆောင်ရွက်သင့်ကြောင်း ဦးတင့်လွင်က ပြောကြားသည်။

“ဘဏ္ဍာငွေလျာထားချက်ကို တင်ပြတဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဘဏ္ဍာငွရရှိနိုင်မှုအပေါ်မူတည်ပြီး အမှန်တကယ်ဆောင်ရွက်နိုင်မယ့် စီမံကိန်းများကိုသာ လျာထားဆောင်ရွက်သင့်ပါတယ်။ စီမံကိန်းလုပ်ငန်းများကို အတည်ပြု သတ်မှတ်ပြီးမှသာ ပြည်သူ့ငွေစာရင်းကော်မတီကို ပေးပို့သင့်ပါတယ်။ ယခုဖြည့်စွက် ဘတ်ဂျက်တင်ပြရာမှာ အထက်ပါအတိုင်း ဆောင်ရွက်ခြင်းမရှိတဲ့အတွက် ဘတ်ဂျက် ဖောင်းပွမှုဖြစ်ပေါ်ခဲ့ပြီး ဘတ်ဂျက်လိုငွေ ၇၅ ဘီလျံအထိ ပေါ်ပေါက်ခဲ့ပါတယ်” ဟု ဦးတင့်လွင်က ပြောကြားသည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ စိစစ်ခဲ့ရာ တင်ပြချက်စာရင်းများ အပြည့်အစုံရရှိချိန်မှ လေးရက်သာ စိစစ်ခွင့်ရရှိခဲ့ပြီး သာမန်အသုံးစရိတ်အတွက် တစ်ရက်၊ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် သုံးရက် အချိန်ပြည့်ဆောင်ရွက်ကာ ကျပ်ဘီလျံ ၂၀ ကျော်ခန့် လျှော့ချခဲ့ရကြောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ အသေးစိတ်စိစစ်ရန် ကျန်ရှိနေသောဌာနများကို ထပ်မံစိစစ်၍ ကျပ် ၁၂၃၅ ဒသမ ၆၄၄ သန်း လျှော့ချခဲ့ကြောင်း ဦးတင့်လွင်က ပြောကြားသည်။

ထို့ပြင် လုပ်အားခ၊ သယ်ယူပို့ဆောင်ခ၊ ကိုင်တွယ်စရိတ်နှင့် လုပ်ငန်းခွင်သုံး ပစ္စည်းစျေးနှုန်းများ သတ်မှတ်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့် ဌာနဆိုင်ရာများအားလုံး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ကန်ထရိုက်တာများအသင်း စသည်တို့မှ ပညာရှင်များ ပါဝင်ညှိနှိုင်းဆွေးနွေး၍ ရန်ကုန်တိုင်းဒေသကြီးအတွက် သင့်လျော်သော စံစျေးနှုန်းများဖြစ်ရန် သတ်မှတ်ဆောင်ရွက်သင့်ကြောင်း ဦးတင့်လွင်က ပြောကြားသည်။

“ယခုလျာထားချက်မှာ ပါဝင်တဲ့လုပ်ငန်းများရဲ့ အတိုင်းအတာနဲ့ စံနှုန်းများအတိုင်း အမှန်တကယ်မြေပြင်မှာ ဆောင်ရွက်ခြင်းရှိမရှိကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနတာဝန်ရှိသူများအနေနဲ့ အနီးကပ်ကြီးကြပ် ကြပ်မတ်ဆောင်ရွက်သင့်ပါတယ်” ဟု ဦးတင့်လွင်က ပြောကြားသည်။

ကော်မတီအနေဖြင့် ယခင်နှစ်များက ငွေလုံးငွေရင်းအသုံးစရိတ်ကိုသာ အဓိက စိစစ်နိုင်ခဲ့ပြီး သာမန်အသုံးစရိတ်များကို အသေးစိတ်စိစစ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent