အရှက်တကွဲ ရှုံးနိမ့်မှုဖြစ်ခဲ့သည့် ကာဂျစ္စတန် (၇-၀) မြန်မာ ကမ္ဘာ့ဖလား ခြေစစ်ပွဲရလဒ်နှင့် ပတ်သက်၍ လုပ်ပွဲသံသယရှိကြောင်း သတင်းထွက်ပေါ်နေသော်လည်း MFF တာဝန်ရှိသူ အတည်မပြုသေး

အရှက်တကွဲ ရှုံးနိမ့်မှုဖြစ်ခဲ့သည့် ကာဂျစ္စတန် (၇-၀) မြန်မာ ကမ္ဘာ့ဖလား ခြေစစ်ပွဲရလဒ်နှင့် ပတ်သက်၍ လုပ်ပွဲသံသယရှိကြောင်း သတင်းထွက်ပေါ်နေသော်လည်း MFF တာဝန်ရှိသူ အတည်မပြုသေး
Photo: AFC
Photo: AFC
Published 12 February 2020

 

၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်ရလဒ်မှာ လုပ်ပွဲကစားသည်ဟု သံသယရှိသဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ လာရောက်စစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) တာဝန်ရှိသူက အတည်ပြုရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၀ ရက်က ကာဂျစ္စတန်အသင်း၏ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းမှာ (၇-၀) ဂိုးရလဒ်ဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့သည်။ ယင်းပွဲတွင် ပွဲစဉ်ရလဒ် အပါအဝင် ဂိုးပေးလိုက်ရသည့် အခြေအနေများအတွက် လုပ်ပွဲဖြစ်နိုင်ခြေရှိသည်ဟူသော သံသယဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံသို့ လာရောက်စစ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ယင်းသတင်းများနှင့် ပတ်သက်၍ Eleven Sports က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကို မေးမြန်းသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း တုံ့ပြန်ပြောကြားသည်။ “ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက်က အတည်မပြုနိုင်သေးပါဘူး။ သတင်းထုတ်ပြန်ပေးဖို့တော့ တရားဝင်မရသေးဘူး။ ကျွန်တော်တို့အနေနဲ့ ပြောရရင် ဒီဟာနဲ့ပတ်သက်ပြီး အတည်ပြုလို့မရသေးဘူး။ တကယ်လို့ ဟိုဟာဖြစ်ရင် ကျွန်တော်တို့အနေနဲ့ တရားဝင် သတင်းထုတ်ပြန်ပေးသွားမှာပါ။ ကိုယ်တစ်နိုင်ငံတည်းမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ဟာတွေဖြစ်နေတာ။ အတည်ပြုလို့မရသေးတဲ့ အခြေအနေဖြစ်နေတယ်။ ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးလို့ မရတဲ့အနေအထား ဖြစ်နေတယ်။ လက်ရှိလောလောဆယ်မှာ ကျွန်တော့်အနေနဲ့ ပြောနိုင်တာကတော့ သတင်းထုတ်ပြန်ပေးလို့ မရသေးဘူး”  ဟု ဦးကိုကိုသိန်းက ဖြေကြားသည်။

လက်ရှိတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့်ပူးပေါင်း၍ လုပ်ပွဲသံသယတွင် ပါဝင်နိုင်ခြေရှိသည့် ကစားသမားများကို တစ်ဦးချင်းစီ တွေ့ဆုံကာ ဗီဒီယိုအချက်အလက်များဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ကာဂျစ္စတန် (၇-၀) မြန်မာပွဲကို မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဟောင်း မွန်တီနီဂရိုးနိုင်ငံသား ရာဒူလိုဗစ် ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲရှုံးနိမ့်မှုကြောင့် နည်းပြသက်တမ်း ခြောက်လသာရှိသေးသည့် ၎င်းကို MFF က လမ်းခွဲခဲ့သည်။

မြန်မာဘောလုံးနှင့် ပတ်သက်၍ လုပ်ပွဲ သံသယဖြစ်စဉ်များ ယခင်ကလည်း ထွက်ပေါ်ခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်က ဧရာဝတီယူနိုက်တက်အသင်း၏ AFC Cup ပွဲစဉ်အပေါ် AFC က လုပ်ပွဲသံသယရှိခဲ့ဖူးသည်။ ထို့ပြင် ၂၀၁၇ ခုနှစ်တွင်လည်း ပြည်တွင်း MNL အမှတ်ပေး ပြိုင်ပွဲအချို့တွင် လုပ်ပွဲသံသယရှိသည်ဟုဆိုကာ စစ်ဆေးပေးရန် ညွှန်ကြားချက်များ ထွက်ပေါ်ခဲ့ဖူးသော်လည်း တရားဝင် တိတိကျကျ သတင်းထုတ်ပြန်ခြင်း၊ အရေးယူခြင်းမရှိခဲ့ကြောင်း သိရသည်။ ၂၀၀၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင်မူ မြန်မာ- ဗီယက်နမ်ပွဲ ရလဒ်နှင့်ပတ်သက်၍ ဗီယက်နမ်ကစားသမားများ လုပ်ပွဲပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဗီယက်နမ်တာဝန်ရှိသူများက ကာလရှည် ပွဲပယ်ပြစ်ဒဏ်များ၊ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

 

Most Read

Most Recent