လီဗာပူးလ်၏လွှမ်းမိုးမှုကို ပရီးမီးယားလိဂ်အနေဖြင့် စိုးရိမ်ရတော့မည်ဟု ဂွါဒီယိုလာ ပြောကြား

လီဗာပူးလ်၏လွှမ်းမိုးမှုကို ပရီးမီးယားလိဂ်အနေဖြင့် စိုးရိမ်ရတော့မည်ဟု ဂွါဒီယိုလာ ပြောကြား
Published 4 February 2020

 

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မိမိတို့အသင်း ပရီးမီးယားလိဂ်ကို လွှမ်းမိုးခဲ့စဉ်က ဝေဖန်ပြောဆိုခဲ့ဖူးသည့် ပရီးမီးယားလိဂ်အမှုဆောင်ချုပ်ဟောင်း စကူဒါမိုးကိုရည်ရွယ်ကာ ဝေဖန်ပြောဆိုမှုတစ်ခုပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်သည် ယခုအချိန်တွင် လီဗာပူးလ်အသင်း၏လွှမ်းမိုးမှုကို စိုးရိမ်ရတော့မည်ဟု ပြောကြားခဲ့သည်။ 

ဂွါဒီယိုလာက ''လီဗာပူးလ်အသင်းက အပြတ်အသတ်ဦးဆောင်နေပါတယ်။ ဒီအသင်းဟာ ရပ်တန့်လို့မရတဲ့အသင်း ဖြစ်ပြီး အမှတ်တွေအများကြီးယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရာသီတုန်းကတော့ ပရီးမီးယားလိဂ်ရဲ့ ပိုင်ရှင်တစ်ယောက် (စကူဒါမိုးကိုဆိုလို)က ကျွန်တော်တို့ဦးဆောင်တဲ့ပုံစံမျိုးကို မကြိုက်တဲ့အကြောင်းနဲ့ ဒါဟာ ပရီးမီးယားလိဂ်အတွက် မကောင်းဘူးဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ သူက ကျွန်တော်တို့အသင်း ဗိုလ်စွဲတဲ့ပုံစံကို သဘောမကျခဲ့ပါဘူး။ ဒါဆိုရင် အခု ပရီးမီးယားလိဂ်စိုးရိမ်ရမှာက လီဗာပူးလ်အသင်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

စကူဒါမိုးသည် ၂၀၁၈၊ သြဂုတ်လအတွင်းက ''အကြိတ်အနယ်ရှိတာက ပရီးမီးယားလိဂ်အတွက် ပိုကောင်းပါတယ်။ မန်စီးတီးအသင်းကို တခြားတစ်သင်းသင်းက အမီလိုက်နိုင်ဖို့ကို ကျွန်တော် မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ဂွါဒီယိုလာက ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းကို ရပ် တန့်၍မရနိုင်တော့ဘဲ မိမိတို့အနေဖြင့် အခြား ပြိုင်ပွဲများနှင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရန်သာ ကြိုးပမ်းရတော့မည်ဖြစ်ကြောင်း ဝန်ခံပြောကြားသည်။

နောက်ဆုံးနှစ်ကြိမ်ဆက်ချန်ပီယံ မန်စီးတီးအသင်းသည် ဖေဖော်ဝါရီ ၂ ရက်က စပါးအသင်းနှင့်ကစားသည့်ပွဲတွင် နောက်ခံလူ ဇင်ချန်ကို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရ သောကြောင့် တစ်ယောက်လျော့သွားပြီးနောက်ပိုင်း သွင်းဂိုးနှစ်ဂိုးခွင့်ပြုရကာ (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

ယင်းပွဲမှာ မန်စီးတီးအသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြောက်ပွဲမြောက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး ဇယားထိပ်ဆုံး၌ ရှုံးပွဲမရှိသေးဘဲ ၇၃ မှတ်ဖြင့် ဦးဆောင်နေသည့် လီဗာပူးလ်အသင်း နှင့် ၂၂ မှတ်အထိ ကွာဟသွားပြီဖြစ်သည်။ 

ဇယားထိပ်ဆုံးအသင်းနှင့် ဒုတိယနေရာမှ အသင်းတို့ ၂၂ မှတ်အထိ ကွာဟခြင်းမှာ အင်္ဂလန်အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး လီဗာပူးလ် အသင်းသည် လက်ကျန် ၁၃ ပွဲအနက် ခြောက်ပွဲအနိုင်ရရုံဖြင့် နှစ် ၃၀ ကြာဝေးကွာနေသည့် အမှတ်ပေးချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်တော့မည်ဖြစ်သည်။ 

သို့ဖြစ်ရာ ဂွါဒီယိုလာက ''ဟုတ်ပါတယ်။ ကျွန်တော်တို့က တော်တော်ဝေးဝေးကိုရောက်သွားပါပြီ။ သူတို့က အမှတ်တွေအများကြီးရထားပြီး ရပ်တန့်လို့လည်း မရတော့ပါဘူး။ ကျွန်တော်တို့ကတော့ အန်ဖီးလ်ကွင်းမှာ သွားကစားတဲ့ပွဲလိုမျိုးပဲ ဒီနေ့မှာလည်း ရမှတ်တွေဆုံးရှုံးခဲ့ပါတယ်။ အခုအချိန်ကစပြီး တခြားပြိုင်ပွဲတွေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ပဲ ပစ်မှတ် ထားရတော့မှာပါ။ လွန်ခဲ့တဲ့နှစ်ရာသီတုန်းက ကျွန်တော်တို့ ရမှတ် ၁၀၀ ရခဲ့ပြီး ယူနိုက်တက် နဲ့ မော်ရင်ဟိုကို ၁၉ မှတ်အသာရခဲ့ပါတယ်။  လီဗာပူးလ်နဲ့ အမှတ်ဘယ်လောက်ပြတ်ခဲ့လဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ အခုအချိန်မှာ သူတို့က အင်အားတောင့်တင်းနေ ပါပြီ။ အခုအချိန်က လီဗာပူးလ်ရဲ့အလှည့်ပါ''ဟု သုံးသပ်ပြောကြားသည်။

 

Most Read

Most Recent