ကွင်းဘေးစည်း၌ အချင်းများခဲ့ခြင်းအတွက် တူဟယ်လ်၊ ဘာပေနှင့် အားကစားဒါရိုက်တာ လီယိုနာဒို သုံးပွင့်ဆိုင်ဖြေရှင်း

ကွင်းဘေးစည်း၌ အချင်းများခဲ့ခြင်းအတွက် တူဟယ်လ်၊ ဘာပေနှင့် အားကစားဒါရိုက်တာ လီယိုနာဒို သုံးပွင့်ဆိုင်ဖြေရှင်း
Published 4 February 2020

 

PSG အသင်းနည်းပြ သောမတ်စ်တူဟယ်လ်နှင့် တိုက်စစ်မှူး ဘာပေတို့ မောင့်ပယ်လီယာအသင်းနှင့်ပွဲ၌ ကွင်းဘေးစည်းတွင် အချင်းများခဲ့သည့်ပြဿနာအတွက် အားကစားဒါရိုက်တာ လီယိုနာဒိုအပါအဝင် သုံးပွင့်ဆိုင်ဖြေရှင်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်က ယှဉ်ပြိုင်ကစားသည့် PSG (၅-၀) မောင့်ပယ်လီယာပွဲတွင် ငါးဂိုးပြတ်ဦးဆောင်နိုင်ပြီးနောက် တူဟယ်လ် က ၆၈ မိနစ်တွင် ဘာပေအစား အီကာဒီကို ထည့်သွင်း၍ အပြောင်းအလဲပြုလုပ်ခဲ့သည်။ 

ယင်းပွဲတွင် စတုတ္ထမြောက်ဂိုးသွင်းယူပေးခဲ့သူ ဘာပေသည် လူစားလဲခံရသဖြင့် ဒေါသပေါက်ကွဲခဲ့ပြီး တူဟယ်လ်က ရှင်းပြသော်လည်း နားမထောင်ဘဲ ထွက်သွားရန် ကြိုးပမ်းခဲ့သည်။ 

သို့ဖြစ်ရာ တူဟယ်လ်က ၎င်း၏ပခုံး နှစ်ဖက်ကိုဆွဲကိုင်၍ ထပ်မံပြောကြားခဲ့ခြင်းဖြစ်ပြီး ၁၅ စက္ကန့်ဝန်းကျင်ခန့် အပြန်အလှန် ပြောဆိုခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ဘာပေသည် အသင်းဝန်ထမ်းတစ်ဦးကမ်းပေးသည့် ကုတ်အကျႌကိုလည်း လက်ခံခြင်းမရှိဘဲ အရန်ခုံသို့သွားရောက်၍ ပွဲကို ဆက်လက်ကြည့်ရှုနေခဲ့ကြောင်း သိရသည်။

ဘာပေအနေဖြင့် ယင်းအပြုအမူကြောင့် အပြစ်ပေးခံရဖွယ်ရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသလို ပြင်သစ်အခြေစိုက် Le Parisien သတင်းစာကလည်း တူဟယ်လ်၊ ဘာပေနှင့် အားကစားဒါရိုက်တာ လီယိုနာဒိုတို့ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် သုံးပွင့်ဆိုင်တွေ့ဆုံ၍ ဖြေရှင်းခဲ့ကြောင်း ဖော်ပြသည်။ 

ဘာပေသည် ၎င်းအား ပထမဆုံးလူစားလဲသဖြင့် ဒေါသပေါက်ကွဲခြင်းဖြစ်သလို ယင်းကဲ့သို့ မကြာခဏ ဖြစ်ပွားဖူးကြောင်း သိရသည်။ 

ထို့ပြင် ဘာပေသည် PSG အသင်း၏ အနာဂတ်စီမံကိန်း များအတွက် တူဟယ်လ်မှာ သင့်လျော်သည့် နည်းပြမဟုတ်ဟု ယုံကြည်နေကြောင်း Le Parisien သတင်းစာက ဆက်လက်ဖော်ပြထားသည်။

တူဟယ်လ်ကမူ ဘာပေ၏အပြုအမူနှင့် ပတ်သက်၍ ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ''ကျွန်တော်က နည်းပြဖြစ်လို့ လူစားလဲရမယ့်သူ၊ အစားဝင်ကစားရမယ့်သူတွေကို ဆုံးဖြတ် ခွင့်ရှိပါတယ်။ သူက ညဏ်ကောင်းတဲ့သူဖြစ် လို့ သူဘာလုပ်နေလဲဆိုတာ သူကိုယ်တိုင်သိပါတယ်။ သူက လူစားလဲမခံချင်တာပါ။ ဘယ်သူမှလည်း အဲဒီလိုမဖြစ်ချင်ပါဘူး။ ဒါတွေက ကောင်းမွန်တဲ့လက္ခဏာမဟုတ်ပေမဲ့ ကျွန် တော်တို့အသင်းပဲ ဒီလိုအခြေအနေကြုံတွေ့ နေတာမဟုတ်ပါဘူး။ ကျွန်တော် စိတ်မဆိုးပေမဲ့ စိတ်မကောင်းတော့ဖြစ်မိပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဒီလိုတုံ့ပြန်ဖို့ မလိုအပ်လို့ပါ။ ကျွန်တော်ကတော့ နည်းစနစ်ပိုင်းအရပဲ ဆုံးဖြတ်ချက်ချလေ့ရှိပါတယ်''ဟု သုံးသပ်ပြောကြားသည်။

 

Most Read

Most Recent