ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံ ယူ-၁၆၊ အာဆီယံ ယူ-၁၉ နှင့် အာဆီယံဖူဆယ်ပြိုင်ပွဲများကို နောက်ဆုတ်လိုက်ကြောင်း AFF ထုတ်ပြန်

ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံ ယူ-၁၆၊ အာဆီယံ ယူ-၁၉ နှင့် အာဆီယံဖူဆယ်ပြိုင်ပွဲများကို နောက်ဆုတ်လိုက်ကြောင်း AFF ထုတ်ပြန်
Photo: MFF
Photo: MFF
Published 23 April 2024

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်းကျင်းပရန်စီစဉ်ထားသည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတို့ကို မူလကျင်းပရန်လျာထားသည့်ကာလများမှ နောက်ဆုတ်လိုက်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုထုတ်ပြန်ကြေငြာခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတို့ကို အင်ဒိုနီးရှားနိုင်ငံတွင်လည်းကောင်း၊ ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင်လည်းကောင်း ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄  အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲကို မူလက လာမည့် ဇွန် ၁၇ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ ဇွန် ၂၁ ရက်မှ ဇူလိုင် ၄ ရက်သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။

ထို့အတူ ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို မူလက ဇွန် ၂၀ ရက်တွင် စတင်ကျင်းပရန်စီစဉ်ထားခဲ့သော်လည်း ယခုအခါ ဇူလိုင် ၁၇ ရက်မှ ၃၁ ရက်အထိ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၄  အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို မူလက  မေ ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပရန်စီစဉ်ထားခဲ့သော်လည်း ယခုအခါ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ပြိုင်ပွဲ သုံးခုစလုံး၏ ကျင်းပမည့်ကာလကို နောက်ဆုတ်ရွှေ့ဆိုင်းလိုက်သော်လည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံများကိုမူ ပြောင်းလဲသွားမည်မဟုတ်ကြောင်း သိရသည်။

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) ၏ အဆိုအရ ၂၀၂၄  အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် အကောင်းဆုံးပြင်ဆင်လိုသောကြောင့် ယခုကဲ့သို့ နောက်ဆုတ်ကျင်းပခွင့်ရရန် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ထံသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲရှစ်ခု ကျင်းပရန် အတည်ပြုထားပြီးဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်း ASEAN Mitsubishi Electric Cup ပြိုင်ပွဲ(ယခင် အာဆီယံချန်ပီယံရှစ်)၊  ASEAN Women's Championship ပြိုင်ပွဲ(အာဆီယံအမျိုးသမီးချန်ပီယံရှစ်)၊ AFF U-23 Championship ပြိုင်ပွဲ (အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်)၊ ASEAN Club Championship ပြိုင်ပွဲ(အာဆီယံကလပ်ချန်ပီယံရှစ်)၊ AFF U-19 Championship ပြိုင်ပွဲ(အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်)၊ AFF U-16 Championship ပြိုင်ပွဲ (အာဆီ ယံ ယူ-၁၆ ချန်ပီယံရှစ်)၊ AFF Futsal Championship ပြိုင်ပွဲ(အာဆီယံ ဖူဆယ်ချန်ပီယံရှစ်)၊ AFF Beach Soccer Championship ပြိုင်ပွဲ(အာဆီယံ သဲသောင်ပြင်ဘောလုံး)တို့ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

AFF သည် ကျန်ပြိုင်ပွဲသုံးခုဖြစ်သည့် အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်၊ အာဆီယံ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ်နှင့် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲများကိုမူ အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ 

Most Read

Most Recent