WLC ပြိုင်ပွဲများကို ဂျပန်၊ အမေရိကန်တို့တွင် ကျင်းပရန်လျာထားပြီး ကမ္ဘောဒီးယား၌ကျင်းပမည့် WLC:12 တွင် လိုက်ဝယ်လ်တာဝိတ်ချန်ပီယံလုပွဲပါဝင်

WLC ပြိုင်ပွဲများကို ဂျပန်၊ အမေရိကန်တို့တွင် ကျင်းပရန်လျာထားပြီး ကမ္ဘောဒီးယား၌ကျင်းပမည့် WLC:12 တွင် လိုက်ဝယ်လ်တာဝိတ်ချန်ပီယံလုပွဲပါဝင်
Photos: WLC
Photos: WLC
Published 4 February 2020

 

မြန်မာလက်ခမောင်းကုမ္ပဏီသည် ၂၀၂၀ ခုနှစ်တွင် WLC မြန်မာ့လက်ဝှေ့ပြိုင်ပွဲများကို ဂျပန်၊ အမေရိကန်နိုင်ငံတို့တွင် ကျင်းပရန်လျာထားပြီး ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပမည့် WLC:12 Khmer Kingdom လက်ဝှေ့ပြိုင်ပွဲတွင် လိုက်ဝယ်လ်တာဝိတ်တန်းချန်ပီယံလုပွဲ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

WLC:12 Khmer Kingdom လက်ဝှေ့ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် လိုက်ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ပေါ်တူဂီနိုင်ငံသား အန်တိုနီယိုဖာရီယာနှင့် ကမ္ဘောဒီးယားနိုင်ငံသား ဆော့သ်တေးတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီက ဖေဖော်ဝါရီ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

WLC:12 Khmer Kingdom လက်ဝှေ့ပြိုင်ပွဲကို ဧပြီ (၃) ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာလက်ခမောင်းကုမ္ပဏီအနေဖြင့် WLC ပြိုင်ပွဲကို ပြည်ပ၌ ပထမဆုံးအကြိမ် သွားရောက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

''WLC:12 Khmer Kingdom လက်ဝှေ့ ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ ကျင်းပပါမယ်။ ပြည်တွင်းက လက်ဝှေ့ သမားအနေနဲ့ ပါဝင်တဲ့အရေအတွက်နည်းမှာဖြစ်ပြီး ကမ္ဘော ဒီးယားက ဖိုက်တာအရေအတွက်က များမှာပါ။ လောလောဆယ်မှာ မြန်မာလက်ဝှေ့သမားထဲက ရန်နိုင်ထွန်းပါဖို့ သေချာပါတယ်။ WLC:12 Khmer Kingdom လက်ဝှေ့ပြိုင်ပွဲမှာ အဓိကတွဲဆိုင်းအနေနဲ့ WLC ရဲ့ လိုက်ဝယ်လ်တာဝိတ်တန်း ချန်ပီယံကာကွယ်ပွဲပါဝင်မှာဖြစ်ပြီး လက်ရှိချန်ပီယံ ဖာရီယာနဲ့ ခွန်ခမာပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ် တဲ့ ဆော့သ်တေးတို့ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ WLC အနေနဲ့ ၂၀၂၀ ထဲမှာ ပြိုင်ပွဲအချို့ကို ပြည်ပနိုင်ငံတွေမှာ သွားရောက် ကျင်းပဖို့လျာထားပြီး ဂျပန်မှာဆို တိုကျို၊ အမေရိကားမှာဆို မိုင်ယာမီမှာလုပ်နိုင်ဖို့ ညှိနှိုင်းနေတာရှိပါတယ်။ ဂျပန်မှာလုပ် ဖို့အတွက်ကတော့ သေချာသလောက်ရှိနေပြီး မိုင်ယာမီမှာ လုပ်ဖို့အတွက်ကတော့ လိုင်စင်လျှောက်ရမှာတွေ ကျန်နေပါ သေးတယ်''ဟု ဦးဇေသီဟက Eleven Sports သို့ ပြောကြားခဲ့သည်။ 

လိုက်ဝယ်လ်တာဝိတ်တန်း လက်ရှိချန်ပီယံ အန်တိုနီယိုဖာရီယာသည် WLC တွင် အလဲထိုးအနိုင်ရသည့် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသူဖြစ်ပြီး ကမ္ဘောဒီးယားလက်ဝှေ့သမား ဆော့သ်တေးမှာလည်း ပွဲပေါင်း (၃၀၀)ကျော်ယှဉ်ပြိုင်ခဲ့ရာ (၂၁၁)ပွဲ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်သော ခွန်ခမာလက်ဝှေ့ပွဲချန်ပီယံတစ်ဦးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent