စပါးကို ရှုံးခဲ့သည့်ပွဲအပြီးတွင် ကစားပုံကိုကျေနပ်သည်ဟု ဂွါဒီယိုလာဆိုခဲ့သော်လည်း အဝတ်လဲခန်းအတွင်း ကစားသမားများကို မိနစ်(၅၀)ကြာပိတ်ကာ ဆူပူခဲ့

စပါးကို ရှုံးခဲ့သည့်ပွဲအပြီးတွင် ကစားပုံကိုကျေနပ်သည်ဟု ဂွါဒီယိုလာဆိုခဲ့သော်လည်း အဝတ်လဲခန်းအတွင်း ကစားသမားများကို မိနစ်(၅၀)ကြာပိတ်ကာ ဆူပူခဲ့
Published 4 February 2020

 

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် စပါးအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အသင်း၏ကစားပုံကို ကျေနပ်သည်ဟု ဆိုခဲ့သော်လည်း ယင်းသို့မပြောကြားမီအချိန်တွင် မန်စီးတီးကစားသမားများကို အဝတ်လဲခန်းအတွင်း မိနစ် (၅၀)ကြာ တံခါးပိတ်ထားကာ ဆူပူကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် ယင်းပွဲတွင် စပါးအသင်း၏ တောင်ပံကစားသမားနှစ်ဦးဖြစ်သည့် ဘက်ဝင်းချ်နှင့် ဆွန် ဟောင်မင်တို့၏ သွင်းဂိုးများကြောင့် (၀-၂)ဂိုးဖြင့် ရှုံးနိမ့် ခဲ့ပြီး ယင်းအတွက်ကြောင့် ပြိုင်ဘက်ဖြစ်သူ လီဗာပူးလ် အသင်းသည် နောက်ထပ် (၆)ပွဲအနိုင်ယူရုံဖြင့် အမှတ်ပေးချန်ပီယံဆုကို ရရှိရန် သေချာတော့မည်ဖြစ်သည်။ 

မန်စီးတီးအသင်းသည် ပထမပိုင်းကတည်းက ဦးဆောင်ဂိုးရရှိရန် အခွင့်အရေးများစွာ ကြုံခဲ့သော်လည်း အသုံးမချနိုင်ခဲ့သလို၊ အသင်းကရရှိခဲ့သည့် ပယ်နယ်တီကိုလည်း ကွင်းလယ်လူ ဂွန်ဒိုဂန်က ဝင်အောင်ကန်သွင်းနိုင်ခြင်း မရှိခဲ့ချေ။ 

အဓိကတိုက်စစ်မှူး အဂွဲရိုး၏ကန်ချက်တစ်ကြိမ် တိုင်ထိထွက်ခဲ့သလို၊ အနီးကပ်အခွင့်အရေးတစ်ကြိမ်မှာလည်း ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားခဲ့သည်။ 

ဂွါဒီယိုလာက ယင်းကဲ့သို့ အခွင့်အရေးများစွာရရှိချိန်တွင်  အသုံးမချနိုင်ခြင်းအပေါ် စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ကစားသမားများကို တံခါးပိတ်ကာ ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်နိုင် ကြောင်းလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယင်းကဲ့သို့ တံခါးပိတ်ကာ စကားပြောခဲ့ခြင်းအပေါ် Sky Sports က မေးမြန်းခဲ့ရာ ဂွါဒီယိုလာက ''ကျွန်တော့်နည်းပြအဖွဲ့ဝင်တွေနဲ့ စကားပြောခဲ့သလို၊ ကျွန်တော့်ဇနီး နဲ့လည်းစကားပြောခဲ့ပါတယ်။ ပြီးတော့ ကစားသမားတချို့နဲ့လည်း ကျွန်တော်ဆွေးနွေးခဲ့ပါတယ်။ ဒီပွဲက အခြေ အနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာစကား များများစားစားမရှိပါဘူး''ဟု ပြောကြားခဲ့သည်။ 

ဂွါဒီယိုုလာက ယင်းကဲ့သို့ ပြောကြားခဲ့သော်လည်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်မူ အသင်း၏ ကစားပုံနှင့်ပတ်သက်ပြီး ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့သည်။ 

ဂွါဒီယိုလာက ''ကျွန်တော့်အသင်းက ပြိုလဲသွားခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီအသင်းဟာ ကျွန်တော်တို့လိုချင်တဲ့ ပုံစံအတိုင်းကစားနိုင်တဲ့အသင်းဖြစ်ပြီး အခွင့်အ ရေးကောင်းများစွာကို ဖြုန်းတီးခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ဟာ တစ်ယောက်လျော့သွားခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ တခြားဖလားတစ်လုံး (ချန်ပီယံလိဂ်) ကို ပိုပြီးအာရုံစိုက်ဖို့ သေချာသွားခဲ့ပါပြီ။ ကျွန်တော့်အသင်းကစားတာကို ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမဲ့ မလုံလောက်သေးပါဘူး''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent