ယူရိုပါလိဂ်ချန်ပီယံဆုကို ရယူရန် လီဗာပူးလ်ကစားသမားများ ဆန္ဒပြင်းပြနေပြီး ဒါဝင်နူးနက်ဇ် ယခုထက်ပိုကောင်းလာဦးမည်ဟု နည်းပြ ယာဂန်ကလော့ပ် ပြောကြား

ယူရိုပါလိဂ်ချန်ပီယံဆုကို ရယူရန် လီဗာပူးလ်ကစားသမားများ ဆန္ဒပြင်းပြနေပြီး ဒါဝင်နူးနက်ဇ် ယခုထက်ပိုကောင်းလာဦးမည်ဟု နည်းပြ ယာဂန်ကလော့ပ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 10 March 2024

 

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် က အသင်းကစားသမားများသည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ဆန္ဒပြင်းပြနေကြပြီး စပါတာပရပ်ဂ်အား (၅-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သည့် အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်မှာ ယခု ထက်ပိုကောင်းလာဦးမည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မတ်လ ၇ ရက် (ကြာသပတေးနေ့)က ကစားခဲ့သည့် ယူရိုပါ လိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွင် ချက်ကလပ် စပါတာပရပ်ဂ်အသင်း ကို အဝေးကွင်း၌ (၅-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့သည်။  လီဗာပူးလ်အသင်းသည် ယခုရာသီတွင် လိဂ်ဖလား ရယူထားပြီးဖြစ်ပြီး ယခုယူရိုပါလိဂ်တွင်လည်း ဗိုလ်စွဲရန် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။ ထို့ပြင် ယူရိုပါလိဂ်ဖလားမှာ ကလော့ပ်လက်ထက်တွင် ယှဉ်ပြိုင်ဖူးပြီး မရဖူးသော တစ်ခုတည်းသော ဖလားဖြစ်ရာ အသင်းကစားသမားများအနေဖြင့် ရာသီကုန်တွင် အသင်းမှထွက်ခွာမည့် နည်းပြအတွက် ယူရိုပါလိဂ်ဖလားကို ရယူပေးလိုနေကြသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ 

သို့သော် လီဗာပူးလ်နည်းပြ ကလော့ပ် ကမူ ယူရိုပါလိဂ်ဖလားကို ရယူရန်အတွက် အသင်းကစားသမားများအနေဖြင့် စိတ်ဆန္ဒ ပြင်းပြနေကြခြင်းမှာ ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းမှ မိမိထွက်ခွာမည့် ကိစ္စနှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ 

စပါတာပရပ်ဂ်အသင်းအား (၅-၁)ဂိုး ဖြင့် အနိုင်ရသည့်ပွဲတွင် လီဗာပူးလ်အသင်းအတွက် ဂိုးများကို မက်အယ်လစ္စတာ ၊ ဒါဝင်နူးနက်ဇ် (နှစ်ဂိုး)၊ ဒီယက်ဇ်နှင့် ဆိုဘိုဆလိုင်းတို့က သွင်းယူခဲ့ကြသည်။ အဆိုပါပွဲစဉ်တွင် ဒါဝင်နူးနက်ဇ် သွင်းယူခဲ့သည့် ပထမဂိုးမှာ လီဗာပူးလ်အသင်းအတွက် ကလော့ပ် လက်ထက်တွင် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၀၀ ပြည့်သည့် ဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ စပါတာပရပ်ဂ်နှင့်ပွဲတွင် နှစ်ဂိုးသွင်းပေးခဲ့သည့် ဒါဝင်နူးနက်ဇ်အနေဖြင့် အနာဂတ်တွင် ယခုထက် ပိုမိုတိုးတက်လာဦးမည်ဟုလည်း ကလော့ပ်က ပြောကြားခဲ့သည်။ 

ကလော့ပ်က "ဒါဝင်နူးနက်ဇ်ဟာ ပထ မရာသီကတည်းက အဆင်ပြေတယ်ဆိုတာထက် ပိုပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အသင်းမှာ အံဝင်အောင် လုပ်ရမယ့်အရာတွေ ရှိခဲ့တယ်။ အခုရာသီမှာတော့ အဲဒါကို သူ လုပ်နိုင်ခဲ့ပါပြီ။ သူဟာ အသင်းနဲ့အံဝင်တဲ့ ကစား သမားတစ်ဦးဖြစ်လာခဲ့ပါပြီ။ အခုခြေစွမ်းက ဒါဝင်နူးနက်ဇ်ရဲ့ အမြင့်ဆုံးခြေစွမ်းလားလို့ မေးမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် မဟုတ်သေးဘူးလို့ ဖြေရမှာပါ။ သူ တိုးတက်သလားဆိုရင်တော့ Yes လို့ ဖြေရမှာဖြစ်သလို သူဟာ ပြိုင်ဘက်ကို တစ်ချိန်လုံး ခြိမ်းခြောက်နိုင်သူလားဆိုရင်လည်း Yes လို့ ဖြေရမှာပါ" ဟု ပြောကြားခဲ့သည်။ ဒါဝင်နူးနက်ဇ်သည် ယခု ရာသီ ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်းထားသည်။ 

Most Read

Most Recent