လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်
Published 29 January 2020
ကောင်းခန့်လင်း (မုံရွာ)

လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း NLD ပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ တိုင်းဒေသကြီး အတွင်းရေးမှူးလည်းဖြစ်သူ ဦးမြင့်ကြည်က ပြောကြားသည်။

“ကျွန်တော်တို့ NLD က စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း ၃၇ မြို့နယ်စလုံးကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ” ဟု ဦးမြင့်ကြည်က ပြောကြားသည်။

သို့သော် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုနှင့်ပတ်သက်၍ ဗဟိုမှ ညွှန်ကြားချက် တစ်စုံတစ်ရာ မရသေးသည့်အတွက် မည်သို့မည်ပုံရွေးချယ်သွားမည်ကို ကြိုပြော၍ မရသေးကြောင်း ၎င်းက ဆိုသည်။

“ဗဟိုကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ ရွေးချယ်မှုအပိုင်းနဲ့ ညွှန်ကြားချက်ရလာပြီဆိုမှ ကျွန်တော်တို့ တိတိကျကျပြောလို့ရမှာ။ အခုဟာကျတော့ ဗဟိုကနေပြီးမှ ကိုယ်စားလှယ်ရွေးချယ်ပိုင်းမှာ ဘယ်လိုပုံစံရွေးရမယ်။ ဘယ်လိုဟာတွေကို ပယ်တယ်ဆိုတာ ကျွန်တော်တို့ဆီကို ဘာမှမလာသေးဘူး။ လုပ်ထုံးလုပ်နည်းအရ သူ့နည်းသူ့ဟန်နဲ့ သွားကြမှာ။ ဒါပေမဲ့လို့ ဗဟိုကနေ ဘာတစ်ခုမှ ညွှန်ကြားချက် မထွက်သေးဘဲနဲ့တော့ အဲဒီကိစ္စရပ်ကိုတော့ ကြိုပြောလို့ မရဘူးပေါ့” ဟု ဦးမြင့်ကြည်က ပြောကြားသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံအတွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဟု သဘောပေါက်နားလည်ထားကြောင်း တစ်ဖက်ပြိုင်ဘက် ပါတီများကလည်း ယင်းကဲ့သို့ သဘောပေါက်နားလည်ထားကြသည်ကို သိရှိထားကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းအလုပ်အမှုဆောင်ဝင်များအနေဖြင့် မြို့နယ်အလိုက် တွေ့ဆုံပွဲများနှင့် စည်းရုံးရေးများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့ဆိုလို့ရှိရင် ရပ်ကျေးရယ်၊ မြို့နယ်ရယ်၊ ခရိုင်ရယ်၊ တိုင်းရယ် ဆပ်ကော်မတီတွေအပါအဝင် စုံညီတွေ့ဆုံပွဲပေါ့ဗျာ။ အဲဒီတွေ့ဆုံပွဲတွေကို ကျွန်တော်တို့က တစ်မြို့နယ်ချင်းစီလိုက်ပြီးတော့ စည်းရုံးရေး လုပ်နေကြပါတယ်။ ပါတီစည်းရုံးရေးလုပ်ခြင်းသည်လည်း အောင်နိုင်ရေးရဲ့ ရည်မှန်းချက်ပေါ့ဗျာ။ ဒါပေမဲ့ အောင်နိုင်ရေး စည်းရုံးရေးလို့တော့ ဒီနေ့ဒီအချိန်ခါမှာ ပြောလို့မရသေးဘူးပေါ့” ဟု ဦးမြင့်ကြည်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရဖွဲ့နိုင်သည့်ပါတီကြီး နှစ်ခုသာရှိပြီး ယင်းပါတီကြီးနှစ်ခုမှာ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အဓိကပြိုင်ဘက်သည် ပြည်ခိုင်ဖြိုးပါတီသာဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အဓိကပြိုင်ဘက်ဟု သဘောထားရှိကြောင်း ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွင် NLD ပါတီအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်များ အားလုံးနီးပါးတွင် အနိုင်ရရှိခဲ့သည်။

Most Read

Most Recent