AA အဖွဲ့အနေဖြင့် သာမန်ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်း၊ ဝန်ထမ်းများကို အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အပြင် လူမျိုးရေးခွဲခြားမှုများလည်း ပြုလုပ်နေကြောင်း တပ်မတော် သတင်းထုတ်ပြန်

AA အဖွဲ့အနေဖြင့် သာမန်ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်း၊ ဝန်ထမ်းများကို အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အပြင် လူမျိုးရေးခွဲခြားမှုများလည်း ပြုလုပ်နေကြောင်း တပ်မတော် သတင်းထုတ်ပြန်
Published 25 January 2020
မင်းနိုင်စိုး

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း သွားလာလျက်ရှိသည့် သာမန်ခရီးသွား ပြည်သူများအား ဖမ်းဆီးခြင်း၊ ဝန်ထမ်းများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အပြင် လူမျိုးရေးခွဲခြားမှုများလည်း ပြုလုပ်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇန်နဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်း-စစ်တွေသွား ကားလမ်းပေါ်ရှိ မဲလက်မောင်းကျေးရွာအနီး၌ ဇန်နဝါရီ ၂၀ ရက်တွင် AA အဖွဲ့က မော်တော်ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး၍ ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဇန်နဝါရီ ၂၄ ရက် သတင်းထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းသတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နေ ဦးကျော်မိုး၏ သားဖြစ်သူ မောင်ဝေပိုင်မိုးသည် ရွှေကံ့ကော်ယာဉ်လိုင်းမှ ဟွန်ဒိုင်းအမျိုးအစား မော်တော်ယာဉ်ဖြင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ယာဉ်နောက်လိုက်တစ်ဦးနှင့်အတူ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ဇန်နဝါရီ ၁၇ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး အမ်းမြို့နယ် ရှောက်ခြုံတောင်အနီး မိုင်တိုင်အမှတ် ၁၈ မိုင် ၄ ဖာလုံ နေရာသို့ ည ၁၀ နာရီခန့်တွင် ရောက်ရှိစဉ် မော်တော်ယာဉ်မှာ စက်ချို့ယွင်းသဖြင့် ပြုပြင်၍ ညအိပ်ရပ်နားခဲ့ကြောင်း၊ ဇန်နဝါရီ ၂၀ ရက် နံနက် ၁ နာရီခွဲခန့်တွင် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင်များ ရောက်ရှိလာပြီး ရခိုင်လား၊ ဗမာလားဟု မေးမြန်းခဲ့ရာ ၎င်းက ဗမာလူမျိုးဖြစ်ကြောင်း ပြောပြခဲ့ရာ ၎င်းအား ယာဉ်မောင်းထိုင်ခုံ၌ပင် ခေါင်းငုံ့ထိုင်စေလျက် ဗမာဖြစ်လျှင် မီးရှို့သတ်ဟု အချင်းချင်းပြောဆိုပြီးနောက် မော်တော်ယာဉ်နှင့်အတူ တစ်ပါတည်း မီးရှို့ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ မီးရှို့ခြင်းခံရစဉ် ၎င်း၏ခြေနှင့် လက်များပါ မီးကူးစက်လောင်စဉ် မော်တော်ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးခဲ့ပြီး ထိုသို့ထွက်ပြေးရာတွင် AA အဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းအနေဖြင့်သေဘေးမှ လွတ်မြောက်အောင် တောအတွင်း တစ်ညပုန်းအောင်း၍ အမ်းမြို့သို့ တောလမ်းအတိုင်း ထွက်ပြေးခဲ့ရာ နယ်မြေခံတပ်သို့ ဇန်နဝါရီ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် မီးလောင်ဒဏ်ရာများဖြင့် ရောက်ရှိခဲ့ကြောင်း၊ ၎င်းမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ရကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ AA အဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာအနီး ကားလမ်းမပေါ်၌ Light Truck ယာဉ်တစ်စီးအားလည်းကောင်း၊ သြဂုတ် ၂၉ ရက်တွင် ယိုးတရုတ်ကျေးရွာအနီး ရန်ကုန်- စစ်တွေ ပြည်ထောင်စုကားလမ်းမပေါ်၌ အောင်သုခကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ ခြောက်ဘီး ယာဉ်သုံးစီးအားလည်းကောင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် ဇွန် ၂၇ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) မှ မောင်တောဒေသအတွက် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်၍ ရန်ကုန်မှ မောင်တောသို့ ထွက်ခွာလာသော ကုန်ကားခြောက်စီးအား ကျောက်တော်မြို့နယ်၊ ကျောက်ကြပ် ကျေးရွာအနီး၌ မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 

 

 

Most Read

Most Recent