AA အဖွဲ့၏ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံနှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်

AA အဖွဲ့၏ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံနှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်
ဆေးရုံတက်ရောက်ကုသမှု ခံယူနေသည့် လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
ဆေးရုံတက်ရောက်ကုသမှု ခံယူနေသည့် လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
Published 25 January 2020
မင်းနိုင်စိုး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအတွင်းသို့ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

 ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသော ဖုန်ညိုလိပ်တံတားအား AA အဖွဲ့က  ဇန်နဝါရီ ၂၅ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် တံတား၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ နေရာနှစ်နေရာမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးယူထားသော တပ်များက ၎င်းတို့ရှိရာ အရှေ့မြောက်ဘက်သို့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့သို့ပစ်ခတ်တိုက်ခိုက်စဉ် AA အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကင်းတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေ မနူဟာဘာသည် လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာဖြင့် အဆိုပါ နေရာ၌ပင် သေဆုံးခဲ့ပြီး မအိုမာဟာဘီသည် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရရှိဒဏ်ရာဖြင့်ပင် ဆေးရုံ၌သေဆုံးခဲ့ကာ ဂျာမာလုဆောင်း အပါအဝင်  ခုနစ်ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

AA အဖွဲ့အနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲများဖြစ်ပွားစဉ်အနီးရှိ ဘင်္ဂါလီကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မိုင်းထောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအတွင်း AA အဖွဲ့က ဖုန်ညိုလိပ်တံတားအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုမှာ ငါးကြိမ်ခန့်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့ပြင် ၂၀၁၉ ခုနှစ် သြဂုတ် ၂၈ ရက်တွင် AA အဖွဲ့က ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှု မရှိဟုဆိုကာ ထိပ်တူးပေါက်ကျေးရွာနေ ဟာမစ်ဟူဆောင်အား လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်တွင် AA အဖွဲ့ ထောင်ထားသည့်မိုင်းအား နင်းမိပေါက်ကွဲခဲ့သဖြင့် ထိပ်တူးပေါက်ကျေးရွာမှ ကလေးငယ်လေးဦး သေဆုံးခဲ့ပြီး ကျောင်းဆရာတစ်ဦးဖြစ်သည့် အလီဇူဟာရှ် အပါအဝင် ခြောက်ဦးဒဏ်ရာ ရရှိခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ယခု လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဘူးသီးတောင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

 

 

Most Read

Most Recent