၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်းများ ၀ိုင်းဝန်းကြိုးပမ်းမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်းများ ၀ိုင်းဝန်းကြိုးပမ်းမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား
ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် နိုင်ငံရေးပါတီအချို့၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြောကြားနေစဉ်
ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် နိုင်ငံရေးပါတီအချို့၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြောကြားနေစဉ်
Published 25 January 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိရေးအတွက် သမ္မတဟောင်း ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်ဟောင်းများ ၀ိုင်းဝန်းကြိုးပမ်းမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့ရှိ House of Orchid တွင် ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီနှင့် နိုင်ငံရေးပါတီအချို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး မေးမြန်းမှုအပေါ် အထက်ပါအတိုင်း  ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဟောင်းနှင့် သမ္မတဟောင်း ဦးသိန်းစိန်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်သော်လည်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအနေဖြင့် ပါတီအောင်နိုင်ရေးအတွက် လက်ရှိပါတီခေါင်းဆောင်များနှင့် လက်တွဲကြိုးပမ်းရန်ရှိသည်ဟု ဒေါက်တာ နန္ဒာလှမြင့်က ဆိုသည်။

“ ယုံယုံကြည်ကြည်နဲ့ နောက်မျိုးဆက်ကို လွှဲအပ်ပြီးပြီဖြစ်တဲ့အတွက် နောက်ထပ် နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်လိုတဲ့ စိတ်ဆန္ဒမရှိသော်လည်း ၂၀၂၀ ပါတီအောင်နိုင်ရေးအတွက် သူ့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပါတီအောင်နိုင်ရေးအတွက် သူနဲ့ အငြိမ်းစားဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တစ်ချိန်က ပါတီဝင်တွေအားလုံးဟာ ၂၀၂၀ မှာ ဒီနေ့ ပါတီခေါင်းဆောင် ဦးသန်းဌေးနဲ့ အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ တက်ညီလက်ညီနဲ့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ၂၀၂၀ အောင်နိုင်ရေးအတွက် ၀ိုင်းဝန်း ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပါတီခေါင်းဆောင်ဟောင်း ဦးသိန်းစိန်အနေဖြင့် လက်ရှိပါတီတွင် မည်သည့်ရာထူးတာဝန်မှ ရယူထားခြင်းမရှိဘဲ သာမန်ပါတီဝင်တစ်ဦးအဖြစ်သာ ရပ်တည်နေသည်ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်အား နိုင်ငံတစ်ဝန်းမှ ပြည်သူများ၏ လေးကြိမ်မြောက် ဂါဝရပြု တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဦးသိန်းစိန်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မဲပေးရာတွင် ပါတီကြည့်ရန်လိုသည့်အပြင် လူပုဂ္ဂိုလ်ကိုလည်း ကြည့်ရန်လိုကြောင်းနှင့် ကိုယ်ကျင့်တရားကောင်းပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ သာသနာနှင့် တပ်မတော်ကို စောင့်ရှောက်လိုစိတ်ရှိသူ ဖြစ်ရန်လိုကြောင်း ပြောကြားခဲ့သည်။

“ ဘာကြောင့်လဲဆိုရင် မဲတစ်ပြားက ကိုယ့်တိုင်းပြည်ရဲ့ ကောင်းကျိုးဆိုးကျိုးကို ဖန်တီးနိုင်တယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစုရဲ့ ကောင်းကျိုးဆိုးကျိုးကို ဖန်တီးနိုင်တဲ့အတွက်ကြောင့် အားလုံးမဲပေးကြဖို့ ဒါလေးလည်း ၀ိုင်းဝန်းပြီးတော့ စည်းရုံးပေးကြဖို့ ကျွန်တော်တို့ လိုပါမယ်။ အဲဒီတော့ မဲပေးတဲ့အခါမှာ ဘာတွေကြည့်ရမလဲဆိုရင် ပါတီတွေကိုလည်း ကြည့်ဖို့လိုသလို၊ လူပုဂ္ဂိုလ်တွေကိုလည်း ကြည့်ဖို့လိုတယ်။ အဲဒီတော့ လူသာလျှင် ပဓာနဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရွေးချယ် ပေးလိုက်တဲ့သူတွေဟာ အရေးကြီးဆုံးအချက်ဖြစ်တဲ့ ကိုယ်ကျင့်တရားတွေကောင်းဖို့ လိုတယ်။ ထိုက်သင့်တဲ့ပညာအရည်အချင်းတွေ ရှိဖို့လိုပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့အကျိုး၊ ကိုယ့်နိုင်ငံရဲ့အကျိုး၊ ကိုယ့်ဒေသရဲ့အကျိုးကို အမှန်တကယ် သယ်ပိုးဆောင်ရွက်နေတဲ့သူတွေဖြစ်ဖို့ လိုပါတယ်။ ဒီအရည်အချင်းတွေကို ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ်အများစု ကိုးကွယ်တဲ့ဘာသာ၊ သာသနာနဲ့ ကိုယ့်ရဲ့တပ်မတော်ကို စောင့်ရှောက်လိုစိတ်ရှိတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တို့ လူကောင်းလူတော်တွေ ရွေးချယ်ပေးနိုင်မှ ကျွန်တော်တို့ ကြုံတွေ့ရမယ့်အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကို ပြန်ကြည့်မည်ဆိုပါက အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ၊ အနိုင်အထက်ပြုကျင့်မှုများ၊ ပြန်ပေးဆွဲမှုများ၊ ခိုးဆိုးလုယက်မှုများ၊ မုဒိမ်းမှုများဖြင့် စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပ ဘေးအန္တရာယ်အချို့နှင့် ကြုံတွေ့ရဦးမည် ဖြစ်ကြောင်း၊ ထိုသို့ကြုံတွေ့ရသည့် အခြေအနေသည် ကိုလိုနီလက်သစ်ဝါဒကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကို အကြောင်းပြ၍  တိုင်းတစ်ပါးသားများ၏ ၀ါးမျိုမှုကိုခံရန် သားရဲတွင်းနှုတ်ခမ်းဝသို့  မသိမသာရောက်ရှိနေပြီဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ဦးသိန်းစိန်က ဆက်လက်ပြောကြားရာတွင် မိမိတို့၏ ပိုင်နက်နယ်မြေများကို ဖဲ့ပြီး ယူရန်၊ မိမိတို့၏ လူမျိုး၊ အများစုကိုးကွယ်သည့် ဘာသာ၊ လူမျိုးဘာသာများကို ၀ါးမျိုရန်၊ တိုင်းပြည်ကို ကာကွယ်ပေးနေသည့် တပ်မတော်ကို အင်အားချည့်နဲ့အောင် လုပ်ဆောင်ရန် စသည့်နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းများကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း ဆိုသည်။

 

 

Most Read

Most Recent