နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၁၉ ခုနှစ် မတ်လ ခန္တီးခရီးစဉ်တွင်ပေးခဲ့သောကတိများတည်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ခန္တီးပြည်သူများ တင်ပြတောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၁၉ ခုနှစ် မတ်လ ခန္တီးခရီးစဉ်တွင်ပေးခဲ့သောကတိများတည်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ခန္တီးပြည်သူများ တင်ပြတောင်းဆို
Published 24 January 2020
မဖေငြိမ်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၉ ခုနှစ် မတ်လခန္တီးခရီးစဉ်တွင် ပေးခဲ့သောကတိများ တည်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ခန္တီးပြည်သူများက တင်ပြတောင်းဆိုခဲ့ ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မတ်လ နိုင်ငံတော်အတိုင်ပင်ခံ၏ ခန္တီးခရီးစဉ် လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံသို့ ခန္တီးလူထုများမှ လိုအပ်ချက်များတင်ပြတောင်းဆိုခဲ့ကြပြီး ထိုတင်ပြတောင်းဆိုမှုများကို ဖြေရှင်းပေးရန် စစ်ကိုင်း တိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ ပြည်သူများ အား ကတိပေးခဲ့ကြသော်လည်း ယခုအချိန်ထိ ဖြေရှင်းပြီးစီးမှုမရှိသေးသောကြောင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက် ခန္တီးခရီးစဉ်တွင် ပြည်သူများက ထပ်မံတင်ပြတောင်းဆိုခဲ့ကြကြောင်း ခန္တီး‌ဒေသခံ ကိုအောင်ဆန်းမြင့်၏ ပြောကြားချက်အရ သိရသည်။

“အတိုင်ပင်ခံရဲ့ ဒီတစ်ခေါက်ခန္တီး ခရီးစဉ်မှာ လူထုတွေ့ဆုံပွဲမရှိတဲ့အတွက် လူကိုယ်တိုင်တိုက်ရိုက်တင်ပြတောင်းဆိုတာတွေ လုပ်လို့မရတော့ စာနဲ့ရေး ဒေသခံတွေလက်မှတ်ထိုးပြီး တင်ပြလိုက်တယ်။ အဓိကကတော့ ပထမအကြိမ်ခရီးစဉ်တုန်းက ကတိပေးထားပြီး အကောင်အထည်မဖော်တာတွေကို အကောင်အထည်ဖော်ပေးဖို့။ ဥပမာ ခန္တီးမှာ အိမ်ဝင်းပိုင်ရှင်နဲ့ လယ်သမားတွေဖြစ်တဲ့ မြေယာကိစ္စကို ဥပဒေနဲ့အညီဖြေရှင်းပေးဖို့ ကျွန်တော်တို့က ဟိုလည်းမပါဘူး။ ဒီဘက်လည်း မပါဘူး။ အခုချိန်အထိ မပြတ်သေးတဲ့အတွက် အမှန်အတိုင်းရှင်းပေးဖို့ တောင်းဆိုတာ။တိုင်းအစိုးရက ဒီကိစ္စကို မပြတ်မသားနဲ့ ကိုင်နေတာကြာပြီ အခုချိန်မှာတော့ တစ်ခုခုကို ပြတ်ပြတ်သားသားနဲ့ ဆောင်ရွက်ဖို့အချိန်တန်ပြီ။ နောက်တစ်ခုက ရေအားလျှပ်စစ်ကိစ္စ။ ရေအားလျှပ်စစ်က စစ်ကိုင်းတိုင်း စက်မှု ဝန်ကြီးဦးသန်းညွန့်ဝင်းက မတ် ၆ ရက်အတိုင် ပင်ခံလူထုတွေ့ဆုံပွဲမှာ ဖြေသွားတယ်လေ။ ၂၀၂၀-၂၀၂၁ ဘတ်ဂျက်ထဲမှာ ထည့်ပေးပါ မယ်ဆိုပြီး။ ဒါပေမဲ့ အခုပါမလာဘူး။ ပါမလာတော့ ကျွန်တော်တို့က ကတိတွေပေးပြီး ဘာလို့မလုပ်လဲပေါ့။ တကယ်မလုပ်ပေးပဲနဲ့ လူထု ကို ကတိမပေးသင့်ဘူး။ အဲဒါကို ကျွန်တော် တို့က အတိုင်ပင်ခံကို တင်ပြတာ ကိုယ်မလုပ်နိုင်ရင် မလုပ်နိုင်ဘူး ပြတ်ပြတ်သားသားရှင်း ပေးဖို့ ပြည်သူကို အိပ်မက်လိုလို ထင်ယောင် ထင်မှားလိုလို ဖြစ်အောင်မလုပ်စေချင်တာ မတည်နိုင်တဲ့ကတိတွေမပေးနဲ့ ပေးပြီးသား ကတိကိုလည်း တည်အောင်လုပ်ပေးဖို့ ကျွန်တော်တို့က အတိုင်ပင်ခံကို တင်ပြတာ။ သူက အတိုင်ပင်ခံရှေ့မှာကျတော့ ဘာပြောလဲဆိုတော့ MOU ထိုးပြီးပါပြီ။ ၂၀၂၀-၂၀၂၁ မှာ စပါမယ်ဆိုပြီးတော့မှ လူထုရှေ့မှာ ကတိပေးတာ ဒါပေမဲ့ အခုထိ ဘာမှအကောင် အထည်မဖော်တဲ့အပြင် ဘတ်ဂျက်ပလန်ထဲ မှာလည်း ပါမလာဘူး။ နောက်တစ်ခုက ခန္တီး ရတနာနယ်မြေနန်စီဘွန်မှာ ပြဿနာဖြစ်တော့ ဒေသခံတွေ တရားစွဲခံရတဲ့ကိစ္စ။ အဲဒီ ကိစ္စကိုလည်းအတိုင်ပင်ခံရှေ့မှာ ဝန်ကြီးချုပ် က တစ်လအတောအတွင်း ဖြေရှင်းပေးပါ့မယ်လို့ပြောတာ။ ဒါပေမဲ့ အတိုင်ပင်ခံခရီးစဉ် အပြီးမှာ အရင်အမှုမပြီးပြတ်သေးဘဲ နောက်တစ်မှုနဲ့ ထပ်အစွဲခံလိုက်ရတာ ဒါကိုလည်း မဖြစ်သင့်ဘူးဆိုပြီး ကျွန်တော်တို့က တင်ပြတာပေါ့။ ဝန်ကြီးချုပ်အနေနဲ့ တရားရုံးကို ဥပဒေကြောင်းအရ ဝင်စွက်ဖက်လို့ မရဘူးဆိုရင် ဘာလို့ကတိတွေ ပေးသွားတာလဲပေါ့။ အမှုကလည်း ကြန့်ကြာနေပြီလေ နှစ်နှစ် လောက်ရှိနေပြီ”ဟု ခန္တီး‌ဒေသခံ ကိုအောင်ဆန်းမြင့်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ နန်းယွန်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ကလေးနှင့် တမူးမြို့များသို့ သွားရောက်ခဲ့ပြီး ပင်လည်ဘူးမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ကတိမတည်နိုင်သောကြောင့် ပြည်သူလူထု၏ ယုံကြည်မှု ဆုံးရှုံးသွားနိုင်သဖြင့် မတည်နိုင်သည့်ကတိ များ မပေးရန် မိမိ မလုပ်ပေးနိုင်သည့်ကိစ္စကို ချွေးသိပ်သည့်သဘောဖြင့် လုပ်ပေးမည်ဟု ကတိမပေးနိုင်ကြောင်း၊ ထိုသို့ မိမိမလုပ်နိုင် သည့်ကိစ္စကို ပြည်သူလူထုအား ကတိပေးခြင်းသည် ပြည်သူကိုမလေးစားရာရောက်သည့် အပြင် စော်ကားရာလည်း ရောက်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent