ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် ကော်မတီတွင်း အကြံပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ပြီးဖြစ်ကာ ဝန်ကြီးဌာနနှင့် ပညာရှင်များ၏ အကြံပြုချက်များအပေါ် ဆက်လက်ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် ကော်မတီတွင်း အကြံပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ပြီးဖြစ်ကာ ဝန်ကြီးဌာနနှင့် ပညာရှင်များ၏ အကြံပြုချက်များအပေါ် ဆက်လက်ဆွေးနွေးမည်
ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)
ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)
Published 13 January 2020
စည်သူ၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် လာမည့်လွှတ်တော်တွင် တင်သွင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့်မူကြမ်း ထွက်ပေါ်လာရေး ကော်မတီတွင်း အကြံပြုချက်များအပေါ်  ဆွေးနွေးဆောင်ရွက်ပြီးဖြစ်ကာ ဝန်ကြီးဌာနနှင့် ပညာရှင်များ၏ အကြံပြုချက်များအပေါ် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ပူးပေါင်းကော်မတီထံမှ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကို ဇန်နဝါရီ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော် D ဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်လုံးကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

“အကြမ်းတော့ အားလုံးပြီးသွားပြီ။ ပုဒ်မ ၄၅၇ ခုလည်းပြီးသွားပြီ။ ဇယားလည်း ပြီးသွားပြီ။ အကုန်လုံးပြီးသွားပြီ။ ဝန်ကြီးဌာနတွေ၊ ပညာရှင်တွေက ပြင်သင့်တယ်ဆိုပြီး တင်ထားတဲ့ အချက်တွေကို ၁၄ ရက်နေ့ (ယနေ့) မှာ ဆွေးနွေးမယ်” ဟု ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် တစ်ဦးက ပြောကြား သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း တင်သွင်းနိုင်ရေးအတွက် ပြင်ဆင်ရန် တင်ပြချက်ပေါင်း ၃၇၆၅ ချက်ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး လာမည့် ၂၇ ရက်တွင် စတင်ကျင်းပမည့် ၁၅ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် မူကြမ်းတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သော ပူးပေါင်းကော်မတီ အစည်းအဝေး (၁/၂၀၂၀) တွင်အားလုံး ပါဝင်နိုင်မှု မရှိဘဲ NLD နှင့် တပ်မတော်သာ ညှိနှိုင်းဆွေးနွေးပြီး မဲခွဲသည့် ပုံစံမျိုးဖြစ်မည်စိုး၍ တပ်မတော်သား ကိုယ်စားလှယ်များက အစည်းအဝေး မတက်ရောက်ခဲ့ကြောင်း သိရသည်။

“ဘာဖြစ်လို့လဲဆိုတော့ ၄၅ ဦးကော်မတီလို့ ပြောပေမဲ့လည်း သူကအဲဒီမှာ NLD က အဖွဲ့တွေပဲရှိတာ။ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကလည်း အခု ၁၀ ယောက်လောက် ခွင့်ယူပြီး မတက်နိုင်ဘူး။ အဲဒီလိုမျိုးဆိုတော့ ငါတို့ကလည်း တပ်မတော်ကလည်း ဘာပဲပြောပြော All Inclusive ဆိုတဲ့ဟာကို ပါစေချင်တာလေ။ ပါစေချင်တော့ အကုန်လုံး အဲဒီတိုင်းရင်းသားတွေလည်းပါ၊ NLD လည်းပါ၊ တပ်ကလည်းပါ၊ အဲဒါမျိုးနဲ့မှ ဆွေးနွေးပြီးတော့ မဲခွဲတာတို့ဘာတို့ အဲဒီလိုမျိုး ဖြစ်စေချင်လို့ လက်ရှိ အနေအထားမှာတော့ အဲလို တိုင်းရင်းသားတွေလည်း မပါဘဲနဲ့ NLD နဲ့ ဒီဘက်က တပ်နဲ့ပဲ အစည်းအဝေးထိုင်ပြီးတော့မှ ဆုံးဖြတ်တဲ့ပုံစံမျိုး ဖြစ်မှာစိုးလို့ ငါတို့ကလည်း အဲဒါတော့ လက်မခံနိုင်ဘူးဆိုပြီး ငါတို့လည်း မတက်ဘူး ဒီနေ့တော့” ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုအား ဖေဖော်ဝါရီ ၆ ရက်တွင် လွှတ်တော်က ဆွေးနွေးအတည်ပြုပြီးနောက် ၄၅ ဦးပါကော်မတီကို ဖွဲ့စည်းခဲ့သည်။ 

အဆိုပါကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အဆိုပြုချက်ပေါင်း ၃၇၆၅ ချက်ပါဝင်သော အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး လက်ရှိအချိန်တွင် ဥပဒေကြမ်း ရေးဆွဲနိုင်ရေးအတွက် အစည်းအဝေးများ ပြုလုပ်နေခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဆုံးဖြတ်ဆောင်ရွက်ချက်များအပေါ် ပြန်လည်စိစစ်ပေးနိုင်ပါရန်နှင့် ပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက်များအပေါ် ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကထံ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက စာပေးပို့ထားသည်။

ပူးပေါင်းကော်မတီ စတင်ဖွဲ့စည်းစဉ်က ပြည်ထောင်စုလွှတ်တော် အတွင်းရှိ ပါတီအစုအဖွဲ့အလိုက် အင်အားခွဲဝေမှုအရ ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊  ရခိုင်အမျိုးသားပါတီဝင် ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးမြင့်နိုင်၊ ပြည်ခိုင်ဖြိုးပါတီဝင် မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဆီဟူးဒွေ့တို့သည် ကော်မတီမှ နုတ်ထွက်ခဲ့သည်။

ထို့အတူ ပူးပေါင်းကော်မတီဝင် ဒူးလေးပါတီမှ ဦးလာမာလေးသည်လည်း ပါတီဝင်အဖြစ်မှ နုတ်ထွက်ထားသောကြောင့် ပူးပေါင်းကော်မတီ အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသဖြင့် ပူးပေါင်းကော်မတီဝင် ၃၉ ဦးသာ ရှိနေသည်။