ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့ လျှောက်လှမ်းရာတွင် ၂၀၂၀ ရွေးကောက်ပွဲများ အလွန်သို့ မျှော်မှန်း၍ ခိုင်မာသည့် လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာရေး အစိုးရနှင့်အတူ ကရင်တိုင်းရင်းသားများ၏ ကြိုးပမ်းဆောင်ရွက်မှုသည် အားတက်ဝမ်းမြောက်ဖွယ် ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့ လျှောက်လှမ်းရာတွင် ၂၀၂၀ ရွေးကောက်ပွဲများ အလွန်သို့ မျှော်မှန်း၍ ခိုင်မာသည့် လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာရေး အစိုးရနှင့်အတူ ကရင်တိုင်းရင်းသားများ၏ ကြိုးပမ်းဆောင်ရွက်မှုသည် အားတက်ဝမ်းမြောက်ဖွယ် ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
ရန်ကုန်မြို့ အာလိန်ငါးဆင့်ဘုရား၌ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အလံတင် အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
ရန်ကုန်မြို့ အာလိန်ငါးဆင့်ဘုရား၌ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အလံတင် အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 26 December 2019
ဉာဏ်လင်းထွန်း

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ပန်းတိုင်ဖြစ်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသို့ လျှောက်လှမ်းရာတွင် ၂၀၂၀ ရွေးကောက်ပွဲများအလွန်သို့ မျှော်မှန်းကာ ခိုင်မာသည့် လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကရင်တိုင်းရင်းသားများ၏ ကြိုးပမ်းဆောင်ရွက်မှုသည် အားတက်ဝမ်းမြောက်ဖွယ် ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက်တွင် နိုင်ငံတစ်ဝန်းကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အတွက် ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။

“ကရင်ပြည်နယ်နှင့် ပြည်ထောင်စု၏ နေရာဒေသ အသီးသီးတွင် နေထိုင်ကြသော ကရင်တိုင်းရင်းသားများအားလုံး ဆက်လက် ဖွံ့ဖြိုးတိုးတက်ပါစေ၊ ဆန်ရေစပါးနှင့် ဥစ္စာဓန ပေါကြွယ်ဝပါစေ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့အပြင် ကရင်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စည်းလုံးညီညွတ်ခြင်း၊ ပျော်ရွှင်ခြင်းများနှင့် အနာဂတ်တွင် ကောင်းမွန်သော လိုအင်ဆန္ဒများ ပြည့်စုံကြစေကြောင်း ၎င်းက ဆုတောင်းမေတ္တာ ပို့သသည်။

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၏ ဆိုးကျိုးဒဏ်ရာဒဏ်ချက်ကို ဆယ်စုနှစ်ပေါင်းများစွာ ပြင်းထန်စွာ ခံစားခဲ့ကြရပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သော ခိုင်မြဲသော ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူရန် လိုအပ်သည်ကို အခြားသော ပြည်သူ၊ ပြည်သားများကဲ့သို့ ကရင်တိုင်းရင်းသားများလည်း ဘဝဖြတ်သန်းမှုနှင့်ရင်း၍ သိမြင်နားလည်ပြီး ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ကရင်တိုင်းရင်းသားများသည် ဘိုးဘွားများ၏ ကောင်းမြတ်သည့် ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ ထုံးတမ်းနှင့် သမိုင်းအမွေအနှစ်များကို လက်ဆင့်ကမ်း အမွေအဖြစ် နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြပြီး ရိုးသားခြင်း၊ ကြိုးစားခြင်း၊ သစ္စာရှိခြင်း၊ သန္နိဋ္ဌာန်ဖြင့် တိကျပြတ်သားစွာ လုပ်ကိုင်တတ်ခြင်းဆိုသည့် ကောင်းခြင်းလက္ခဏာများနှင့် ပြည့်စုံသည့် တိုင်းရင်းသားများ ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့အနေဖြင့် အပစ်အခတ်ရပ်စဲပြီး အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနေသော်လည်း အပစ်အခတ် ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးကို ဧကန်အမှန် ရရှိခြင်း မဟုတ်ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပေးပို့သည့် ကရင်အမျိုးသားနေ့ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

စစ်မှန်သော ငြိမ်းချမ်းရေးသည် ကရင်အမျိုသားထုအပြင် ပြည်ထောင်စုအတွင်း နေထိုင်လျက်ရှိသည့် လူမျိုးတိုင်းကို လူမျိုးတစ်မျိုးအဖြစ် လေးစားအသိအမှတ်ပြုပြီး လွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ရရှိသော အချိန်သာလျှင် ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ထိုအခွင့်အရေးများကိုလည်း နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားရှိရန် လိုအပ်ပါသည်။ ထိုအခြေအနေ ရောက်ရှိမှသာ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား ပြန်လည်သင့်မြတ်ခြင်းအပြင် ပြည်တွင်း ငြိမ်းချမ်းရေးသည်လည်း ဧကန်အမှန် ရရှိမည် ဖြစ်ပါသည်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ထို့အတွက် KNU က ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အတွက် ကရင်အမျိုးသားတိုင်း ကျရာအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန် ၎င်းကတိုက်တွန်းသည်။

နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဖြစ်ပြီး ယင်းနေ့တွင် ကရင်တိုင်းရင်းသားများ နေထိုင်ရာ အရပ်ဒေသ အသီးသီး၌ ပွဲတော်အခမ်းအနားများ စည်ကားစွာ ကျင်းပလေ့ရှိကာ ယခုနှစ်သည် ကရင်နှစ် ၂၇၅၉ ခုနှစ်ဖြစ်သည်။

၁၉၃၇ ခုနှစ် ပါလီမန်တွင် ကရင်အမျိုးသား ခေါင်းဆောင်များ တင်ပြတောင်းဆိုမှုဖြင့် ပေါ်ပေါက်လာသည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် အသိအမှတ် ပြုထားသည်။

Most Read

Most Recent