ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍများနှင့် ဆက်စပ်ပြီး ရင်းနှီးကုန်စည်များနှင့် လုပ်ငန်းသုံးကုန်ကြမ်းများ ပိုမိုတင်သွင်းရခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ယခင်ကထက် ပိုမိုမြင့်တက်လာနိုင်

ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍများနှင့် ဆက်စပ်ပြီး ရင်းနှီးကုန်စည်များနှင့် လုပ်ငန်းသုံးကုန်ကြမ်းများ ပိုမိုတင်သွင်းရခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ယခင်ကထက် ပိုမိုမြင့်တက်လာနိုင်
ဂျပန်နိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံထားသည့် သီလဝါစက်မှုဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ဂျပန်နိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံထားသည့် သီလဝါစက်မှုဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 25 December 2019

ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍများနှင့် ဆက်စပ်ပြီး ရင်းနှီးကုန်စည်များနှင့် လုပ်ငန်းသုံးကုန်ကြမ်းများ ပိုမိုတင်သွင်းရခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ယခင်ကထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ဆောက်လုပ်မှုကဏ္ဍတွင် ရန်ကုန်မိုးပျံလမ်းမကြီး တည်ဆောက်ခြင်း၊ သံတွဲလေဆိပ်၊ နိုင်ငံတကာနှင့် ဆက်သွယ်သောလမ်းများ၊ ပြည်ထောင်စုလမ်းများ၊ ခရိုင်ချင်းဆက်လမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လမ်းများအား အဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက်လုပ်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာများ၊ တန်ဖိုးသင့်အိမ်ရာများ၊ အဌားအိမ်ရာ စီမံကိန်းများ ဆောင်ရွက်ရန် လျာထားသည်ဟု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့် မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

အဆိုပါအချက်အလက်များတွင် မြန်မာနိုင်ငံ၏ လာမည့်ဘဏ္ဍာနှစ်အတွင်း စီးပွားရေးအခြေအနေများကို ခန့်မှန်းဖော်ပြထားပြီး ကုန်သွယ်မှုလိုငွေမှာ ယခင်ကထက်ပိုမို မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း သုံးသပ်ထားခြင်းဖြစ်သည်။

အဆိုပါ ခန့်မှန်းချက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ခုနစ်ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းများအနက် စက်မှုကဏ္ဍကြီးမှာ ဖွံ့ဖြိုးတိုးတက်မှုအများဆုံးအဖြစ် ခန့်မှန်းထားသည်။

လယ်ယာကဏ္ဍနှင့် ပတ်သက်ပြီး ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ခန့်မှန်းထားပြီး စက်မှုကဏ္ဍအား ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍအား ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မည်ဟု  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။

လယ်ယာကဏ္ဍတွင် သမားရိုးကျ ခန့်မှန်းချက်များဖြစ်သည့် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့တင်ပို့နိုင်ရန်၊ စျေးကွက် ဝင်အထွက်ကောင်းမျိုးစေ့ အဆင့်ဆင့်ထုတ်လုပ်ရန်၊ ငါးပုစွန် တိုးချဲ့မွေးမြူခြင်းနှင့် နည်းပညာအဆင့်မြှင့်တင်ရန်တို့ကို မျှော်မှန်းထားသည်ဟု ဖော်ပြထားသည်။

စက်မှုကဏ္ဍ တိုးတက်မှုအဖြစ် ခန့်မှန်းချက်များတွင် တိုယိုတာကားကုမ္ပဏီမှ ပြည်တွင်းထုတ်လုပ်တပ်ဆင်ရန် လျာထားချက်များရှိနေခြင်း၊ အထည်ချုပ်လုပ်ငန်းနှင့် အသေးစားလုပ်ငန်းများမှ ထုတ်လုပ်မှု တိုးတက်လာနိုင်ခြင်း၊ နိုင်ငံပိုင်စက်ရုံများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်၍ ပြည်တွင်းလုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိခြင်း၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများ တိုးတက်ရန် လျာထားခြင်းတို့ကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

ဝန်ဆောင်မှုကဏ္ဍအနေဖြင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး ဝန်ဆောင်မှုများ တိုးတက်ရန်နှင့် ကုန်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းထားသည်ဟု ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ခုနစ်ရာခိုင်နှုန်းမှာ အချက်လေးချက်ကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယင်းအချက်လေးချက်မှာ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် အကောင်အထည် ဖော်နိုင်ခြင်းကြောင့် ယခင်နှစ်ထက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီးဝင်ရန် မျှော်မှန်းခြင်း၊ တရုတ်- မြန်မာစီးပွားရေးစင်္ကြံတွင် ပါဝင်သည့်လုပ်ငန်းများ အကောင်အထည်ဖော်ခြင်း၊ ပြည်တွင်းပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကြောင့် ဖြစ်ကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

သို့သော် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်းသည် နှေးကွေးနေသဖြင့် ယင်း၏အကျိုးဆက်ကြောင့် အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ကမ္ဘာ့ရေနံစိမ်းစျေး မြင့်တက်မှုကြောင့် ပြည်တွင်းလောင်စာဆီစျေးနှုန်း မြင့်တက်လာပြီး ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခြင်း၊ ဝယ်ယူသုံးစွဲနိုင်မှုစွမ်းအား လျော့ကျလာခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရေးဆွဲရာတွင် ဒေါ်လာတစ်ဒေါ်လာလျှင် ကျပ် ၁၅၂၅ ဖြင့် ရေးဆွဲထားကာ ပြည်ပ ပို့ကုန်တန်ဖိုးခန့်မှန်းချက်အနေဖြင့် ဒေါ်လာ ၁၅၅၀၀ သန်းရှိနိုင်ပြီး ပြည်ပသွင်းကုန် တန်ဖိုးခန့်မှန်းချက်မှာ ဒေါ်လာ ၁၇၅၀၀ ရှိနိုင်ကြောင်း၊ ယင်းကြောင့် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာသန်း ၂၀၀၀ ရှိနိုင်ကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။

 

Most Read

Most Recent