တိုးတက်မှုမရှိဘဲ ညီညွတ်ရေးကို ထိန်းထားရန်ခက်ပြီး ညီညီညွတ်ညွတ်ဖြင့် တိုးတက်ရန် တစ်ဦးချင်း တာဝန်ကျေရန်နှင့် ကိုယ့်တာဝန် ကိုယ်သိရန်လိုကာ ကိုယ်နှင့်မဆိုင်သည်ကို ဝင်ရှုပ်ခြင်းသည် တာဝန်ကျေခြင်း မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

တိုးတက်မှုမရှိဘဲ ညီညွတ်ရေးကို ထိန်းထားရန်ခက်ပြီး ညီညီညွတ်ညွတ်ဖြင့် တိုးတက်ရန် တစ်ဦးချင်း တာဝန်ကျေရန်နှင့် ကိုယ့်တာဝန် ကိုယ်သိရန်လိုကာ ကိုယ်နှင့်မဆိုင်သည်ကို ဝင်ရှုပ်ခြင်းသည် တာဝန်ကျေခြင်း မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
ဦးလွင်ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှတ်တရစကား ပြောကြားစဉ် (ဓာတ်ပုံ-နေဝန်းထက်)
ဦးလွင်ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှတ်တရစကား ပြောကြားစဉ် (ဓာတ်ပုံ-နေဝန်းထက်)
Published 24 December 2019
ဆန်းထူးအောင်

တိုးတက်မှုမရှိဘဲ ညီညွတ်ရေးကို ထိန်းထားရန်ခက်ပြီး ညီညီညွတ်ညွတ်ဖြင့် တိုးတက်ရန်ဆိုပါက တစ်ဦးချင်း တာဝန်ကျေရန်နှင့် ကိုယ့်တာဝန် ကိုယ်သိရန်လိုပြီး ကိုယ်နှင့် မဆိုင်သည်ကို ဝင်ရှုပ်ခြင်းသည် တာဝန်ကျေခြင်း မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် လောကမာရဇိန် ကျောင်းသစ်ကျောင်းတွင် ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်သည့် နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးထင်ကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် မိသားစုတို့၏ဖခင် ဦးလွင် ကွယ်လွန်ခြင်း ရှစ်နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်သစ်ဆုတောင်းသည် နိုင်ငံသူ နိုင်ငံသားအားလုံး တစ်ဦးချင်း တစ်ဦးချင်း တာဝန်ကျေပါစေရန် ဆုတောင်းကြောင်း၊ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်း တာဝန်ကျေပါက မည်သည့်ဆုမှ တောင်းဆိုရန် မလိုအပ်ကြောင်း၊ ယခုနှစ်တွင်လည်း ထိုဆုကိုသာ တောင်းဆိုမည်ဖြစ်ကြောင်း၊ ယခုဆုတောင်း ပြည့်နေမည် ဆိုပါက မိမိတို့နိုင်ငံသည် အမြဲတမ်း လုံခြုံနေပြီး တိုးတက်ကာ ညီညွတ်နေမည်ဖြစ်ကြောင်း၊ ညီညွတ်ခြင်း၊ တိုးတက်ခြင်းသည် အတူပင်ဖြစ်ကြောင်း၊ မညီညွတ်ဘဲနှင့် တိုးတက်မှုရှိနိုင်မည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

“တိုးတက်မှုမရှိဘဲနဲ့ ညီညွတ်မှုကို ထိန်းထားဖို့ တစ်ခါတလေခက်တယ်။ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တိုးတက်ဖို့ဆိုရင် တစ်ဦးချင်း တစ်ဦးချင်းဟာ တာဝန်ကျေဖို့လိုပါတယ်။ ကိုယ့်တာဝန် ဘာလဲဆိုတာသိဖို့ လိုပါတယ်။ တချို့က ကိုယ်နဲ့ မဆိုင်တာကိုဝင်ပြီး ရှုပ်ချင်တယ်။ အဲဒါတာဝန်ကျေတာ မဟုတ်ဘူး။ ရှုပ်တာက ရှုပ်တာပဲ။ ကိုယ့်ရဲ့တာဝန်ကဘာလဲ၊ ဘယ်နေရာကနေ အကောင်းဆုံး ထမ်းဆောင်နိုင်မလဲ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

တာဝန်သည် ကိုယ့်အလိုအပ်ဆုံးနေရာတွင် ဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ တာဝန်ကျေမှုအား ဦးလွင်အနေဖြင့် အပြည့်အဝ ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံမှ လိုအပ်ခြင်း၊ ပါတီမှ လိုအပ်ခြင်းများကြောင့် ပေးအပ်၍ ထမ်းဆောင်မှုများသည် ဦးလွင်၏ အရည်အချင်းများဖြစ်ကြောင်း၊ ထို့ကြောင့် ဦးလွင်အား စံနမူနာ ထားသင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ ကံကောင်းခြင်းတစ်ခုက ဘာလဲဆိုတော့ လူကြီးကောင်းတွေ ရခဲ့တယ်။ တပ်ထဲကဆိုရင် မြန်မာ့လွတ်လပ်ရေး တပ်မတော်ခေတ်ကတည်းက စပြီးတော့ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မှူးကြီးလေးဦး ရခဲ့တယ်။ အန်ကယ်ဦးအောင်ရွှေ၊ အန်ကယ်ဦးကြည်မောင်၊ အန်ကယ်ဦးတင်ဦး၊ အန်ကယ်ဦးလွင်။ ဒီလေးဦးထဲမှာ အခုထိ အန်ကယ် ဦးတင်ဦး တစ်ယောက်ပဲ ကျန်တော့တယ်။ စစ်သည်ဟောင်းကြီးများ စိတ်ဓာတ်အပြည့်အဝနဲ့ နိုင်ငံရဲ့ တာဝန်တွေကို ထမ်းဆောင်တယ်။ နိုင်ငံအတွက် စွန့်စားတယ်။ နိုင်ငံအတွက် ပေးဆပ်တယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ပါတီ သိက္ခာတက်ခဲ့ရတယ်။ မျက်နှာပွင့်ခဲ့ရတယ်။ ကျွန်မတို့နိုင်ငံ သိက္ခာရှိခဲ့ရတယ်။ မျက်နှာပွင့်ခဲ့ရတယ်။ ဒါကြောင့်မို့ ကျွန်မတို့ အားလုံးဟာ ကိုယ့်နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ ကျေးဇူးကို ဆပ်ဖို့မမေ့ပါနဲ့။ ဒီမြေမှာ ကျွန်မတို့အားလုံး မွေးလာတာ၊ ဒီကရေကိုသောက်ပြီး ကြီးပြင်းလာတာ။ ဒါကြောင့်မို့လို့ အန်ကယ်ဦးလွင်လို လူကြီးတွေကို စံနမူနာအဖြစ် ရှေ့ထားပြီးတော့ ကိုယ့်တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ကြပါ၊ တာဝန်ကျေပွန်ဖို့ စည်းကမ်းလိုတယ် ဆိုတာကိုလည်း မမေ့ပါနဲ့” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပြည်သူများ စည်းကမ်းရှိမှ နိုင်ငံတစ်နိုင်ငံ တိုးတက်မည်ဖြစ်ကြောင်း၊ အမှိုက်ပစ်ခြင်း၊ ငြိမ်သက်ရမည့် အချိန်တွင် ငြိမ်သက်မှု မရှိဘဲ စကားပြောခြင်းများသည် စည်းကမ်းမဲ့ခြင်းဖြစ်ကြောင်း၊ စည်းကမ်းမဲ့ခြင်းသည် အသေးအဖွဲ့များမှ စကြောင်း၊ နေ့စဉ်လုပ်သမျှတိုင်းသည် စည်းဘောင်အတွင်းမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စည်းဘောင် သတ်မှတ်ခြင်းသည် လူပေါင်းများစွာဖြင့် စုစည်းထားသည့် ကမ္ဘာတွင် အေးချမ်းစွာ နေထိုင်နိုင်ရန် ဖြစ်ကြောင်း၊ ထိုကဲ့သို့ နေထိုင်နိုင်မှသာ အချင်းချင်း အေးချမ်းပြီး လက်တွဲပြီး တိုးတက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဦးလွင်ကွယ်လွန်ခြင်း ရှစ်နှစ်မြောက် အခမ်းအနားတွင် မြို့နယ်သံဃနာယအဖွဲ့ ဥက္ကဋ္ဌ၊ ဇေတဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာနန္ဒာထံမှ ငါးပါးသီလခံယူခြင်းနှင့် သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္စျာယ်သည့် ပရိတ်တရားတော်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် မိသားစုတို့က  နာယူခဲ့သည်။

ထို့နောက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မြို့မရေလယ်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒာလင်္ကာရ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ဦးလွင်သည် ၁၉၃၈ ကျောင်းသားသပိတ်နှင့် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြောင်း၊ ၁၉၄၂ တွင် BIA ဗိုလ်ချုပ်ကျော်ဇောတပ်သို့ တပ်သားအဖြစ် ဝင်ရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ်နှင့် စစ်ဆင်ရေးနယ်မြေ ပြန်ရောက် တာဝန်ကို ယူခဲ့ရပြီး ၁၉၆၅ ခုနှစ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတာဝန် ယူခဲ့ရကာ ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ စီမံကိန်း ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန နှစ်ဌာနကို ဝန်ကြီးအဖြစ် တစ်ဦးတည်း တာဝန်ထမ်းဆောင်၍ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ် တာဝန်ကိုပါ ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်ကောင်စီ တာဝန်မှ အငြိမ်းစားယူခဲ့သည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံခေတ် မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့တွင် Executive Committee အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ရာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်သူ တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး NLD တွင် ဘဏ္ဍာရေး တာဝန်ခံ၊ အတွင်းရေးမှူး စသည့်တာဝန်များကို ထမ်းဆောင်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

Most Read

Most Recent