ပြည်ပရောက် မြောက်ကိုရီးယား အလုပ်သမားများ

ပြည်ပရောက် မြောက်ကိုရီးယား အလုပ်သမားများ
ပေကျင်းလေဆိပ်တွင် ပြုံယမ်းသို့ပြန်မည့် လေယာဉ်ခရီးစဉ်ကို တန်းစီစောင့်ဆိုင်းနေကြသော မြောက်ကိုရီးယား အလုပ်သမားများကို မတ်လအတွင်းက တွေ့ရစဉ် (Photo : AFP)
ပေကျင်းလေဆိပ်တွင် ပြုံယမ်းသို့ပြန်မည့် လေယာဉ်ခရီးစဉ်ကို တန်းစီစောင့်ဆိုင်းနေကြသော မြောက်ကိုရီးယား အလုပ်သမားများကို မတ်လအတွင်းက တွေ့ရစဉ် (Photo : AFP)
Published 22 December 2019
မြတ်သစ်

ပေကျင်းမြို့ရှိ မြောက်ကိုရီးယား စားသောက်ဆိုင်မှ စားပွဲထိုး အမျိုးသမီးလေးသည် ပြည်ပရောက် မြောက်ကိုရီးယား အလုပ်သမားများ နေရပ်ပြန်ရန် ယခုရက်သတ္တပတ်အကုန်က နောက်ဆုံးရက် ဖြစ်နေသည့်အပေါ် စိုးရိမ်မှုမရှိပေ။

“ကျွန်မ အားလပ်ရက်တွေအတွက် အိမ်ပြန်မယ်။ ဒါပေမဲ့ ကျွန်မ ပြန်လာမှာပါ” ဟုဆိုသည်။

နျူလက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေသော မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံတွင်းရှိ အလုပ်သမား အမြောက်အမြားကို ပြည်ပနိုင်ငံများကို အလုပ်လုပ်ရန် စေလွှတ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ မြောက်ကိုရီးယား အလုပ်သမား အများစုသည် အိမ်နီးချင်း တရုတ်နိုင်ငံတွင်လည်းကောင်း၊ ရုရှားနိုင်ငံတွင်လည်းကောင်း အလုပ်လုပ်ကိုင် လျက်ရှိသည်။ ထို့ပြင် မြောက်ကိုရီးယား အလုပ်သမားများသည် ဥရောပတိုက်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများတွင်လည်း အလုပ်လုပ်ကိုင်လျက်ရှိသည်။

ပြီးခဲ့သည့် နှစ်နှစ်ခန့်က ကုလလုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အလုပ်သမားများ အလုပ်လုပ်ကိုင် နေကြသော အိမ်ရှင်နိုင်ငံများကို ပြုံယမ်းသို့ ပြန်လွှတ်ရန် ထုတ်ပြန်ခဲ့သည်။ ပြုံယမ်းက နျူလက်နက်နှင့် ဒုံးကျည်ထုတ်လုပ်ရေး စီမံကိန်းနှင့် စမ်းသပ်ပစ်လွှတ်မှုများအပေါ် ဖိအားပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ဤသို့ ဖိအားပေးမှုသည် ပေကျင်းနှင့် မော်စကိုအတွက် အကျိုးသက်ရောက်မှုမရှိဟု အကဲခတ်သမားများက မှတ်ချက်ချသည်။ အကြောင်းမှာ ပေကျင်းနှင့် မော်စကိုသည် ကုလလုံခြုံရေး ကောင်စီ၏ အမိန့်ကို လက်တစ်လုံးခြား လုပ်နေကျ ဖြစ်သောကြောင့်ပင်။ လုပ်ခစျေးချိုသော မြောက်ကိုရီးယား အလုပ်သမားများကို အခြားနည်းလမ်းဖြင့် ပြည်ဝင်ခွင့်ဗီဇာများ ထုတ်ပေးပြီး အလုပ်လုပ်ကိုင်ခွင့် ပေးထားကြသည်။

တရုတ်နိုင်ငံတွင် မြောက်ကိုရီးယား အလုပ်သမား ငါးသောင်းခန့် ရှိနေသည်။ မြောက်ကိုရီးယား အလုပ်သမားများသည် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက်ခြမ်းရှိ မြို့များတွင်ရှိသော စက်ရုံများတွင် အလုပ်လုပ်ကိုင် နေကြသည်။ ပေကျင်းမြို့ရှိ မြောက်ကိုရီးယားသံရုံး အနီးရှိ မြောက်ကိုရီးယား စားသောက်ဆိုင်တွင် အလုပ်လုပ်နေသည့် မြောက်ကိုရီးယား အမျိုးသမီးက ဤဆိုင်တွင် သူမအနေဖြင့် အလုပ်လုပ်ကိုင် နေခဲ့သည်မှာ လေးနှစ်ရှိနေပြီး အလုပ်ဆက်လက် လုပ်ကိုင်ရန်လည်း မျှော်လင့်ထားကြောင်း ပြောသည်။

“စားသောက်ဆိုင် ပိတ်မယ်လို့ ဘယ်သူကမှ မပြောကြဘူး။ ပြီးခဲ့တဲ့လကပဲ စားပွဲထိုး အမျိုးသမီးသစ် နှစ်ယောက်လာတယ်” ဟု စားပွဲထိုး အမျိုးသမီးက ပြောသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hua Chunying က မိမိတို့အနေဖြင့် ကုလ၏ ဆုံးဖြတ်ချက်များ လိုက်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း တရုတ်နိုင်ငံတွင်း၌ မြောက်ကိုရီးယား အလုပ်သမား မည်မျှရှိကြောင်း တိတိကျကျ ပြောကြားခဲ့ခြင်း မရှိပေ။ မြောက်ကိုရီးယားနိုင်ငံရှိ ရုရှားသံရုံးမှ သံအမတ်ကြီး အလက်ဇန္ဒားမက်ဆီဂိုရာကမူ ပြီးခဲ့သည့် စက်တင်ဘာလက ရုရှားနိုင်ငံတွင်း၌ အလုပ်လုပ်ကိုင်လျက်ရှိသော မြောက်ကိုရီးယား အလုပ်သမား အရေအတွက်မှာ မူလက သုံးသောင်းရှိရာမှ လျှော့ချပစ်လိုက်သဖြင့် ယခုအခါ တစ်သောင်းခန့်သာ ရှိတော့ကြောင်း ပြောပြသည်။

“ဒီဇင်ဘာ ၂၂ ရက် နောက်ပိုင်းကျရင် အလုပ်လုပ်ခွင့်ဗီဇာ ရရှိထားတဲ့ မြောက်ကိုရီးယား နိုင်ငံသား တစ်ယောက်မှ ရှိတော့မှာ မဟုတ်ပါဘူး” ဟု အလက်ဇန်းဒါး မက်ဆီဂိုရာက ရုရှားနိုင်ငံမှ RIA နိုဗော့စ်တီ သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၂၃၉၇၊ အပိုဒ် ၈ အရ ဗီဇာအမျိုးအစားနှင့် ပတ်သက်၍ တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း “ဝင်ငွေရရှိနေသော မြောက်ကိုရီးယား နိုင်ငံသား” မှန်သမျှ အကျုံးဝင်ကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ Donga တက္ကသိုလ်မှ ပါမောက္ခကန်ဒွန်ဝမ်က ရုရှားနိုင်ငံသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ပေါ် ထွက်ပြီးခဲ့သည့်နောက်တွင် ရုရှားနိုင်ငံတွင်းသို့ မြောက်ကိုရီးယား နိုင်ငံသားများကို အလုပ်လုပ်ခွင့် ဗီဇာများ မပေးတော့သော်လည်း ကမ္ဘာလှည့် ခရီးသွား ဗီဇာများ ထုတ်ပေးနေကြောင်း ပြောကြားလိုက်သည်။

ရုရှားပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၁၉ ဇန်နဝါရီမှ စက်တင်ဘာအထိ မြောက်ကိုရီးယား နိုင်ငံသား အများအပြားကို ကမ္ဘာ့လှည့်ခရီးသွား ဗီဇာများ ယခင်ကထက် ခြောက်ဆတိုးပေးခဲ့ကြောင်း သိရသည်။ ခရီးသွား ဗီဇာအရေအတွက်သည် ၂၀၁၈ ခုနှစ်ကထက် ပိုများလာသကဲ့သို့ ပညာသင်ကြားခွင့် ဗီဇာအရေအတွက်ထက် သုံးဆပိုများနေသည်။ ၂၀၁၉ ခုနှစ်တွင် ရုရှားနိုင်ငံသည် ကိုးလအတွင်း မြောက်ကိုရီးယား နိုင်ငံသား နှစ်သောင်းခန့်ကို ကမ္ဘာလှည့်ခရီးသွား ဗီဇာများ ထုတ်ပေးခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသား အလုပ်သမားများကို သူတို့ရောက်ရှိနေသော နိုင်ငံများမှနေ၍ ထွက်ခွာရမည့် နေ့ရက်အချိန် သတ်မှတ်လိုက်ခြင်းကြောင့် မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ပြဿနာ ပြေလည်စေရေး မဖြစ်မနေ လုပ်ဆောင်ရတော့မည့် အနေအထားသို့ ရောက်လာသည်။ ပြည်ပရောက် မြောက်ကိုရီးယား အလုပ်သမားသည် မြောက်ကိုရီးယားအတွက် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်နေသည်။

ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်မစ်ရှင်၏ ခန့်မှန်းချက်အရ ပြည်ပတွင် အလုပ်လုပ်ကိုင် နေကြသော မြောက်ကိုရီးယား အလုပ်သမား အများစုသည် ဆောက်လုပ်ရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည်။ အချို့က စက်ရုံအလုပ်ရုံတွင် တာဝန်ထမ်းဆောင် နေကြသည်။ အချို့က သစ်ထုတ်လုပ်ရေး၌ တာဝန်ထမ်းဆောင်နေကြသည်။ သူတို့တတွေ၏ စုစုပေါင်း ရရှိသော ဝင်ငွေမှာ ဒေါ်လာသန်း ၅၀၀ ကျော်ရှိနေပြီး ထိုငွေများကို ပြုံယမ်းသို့ ပြန်လွှဲပေးကြရသည်ဖြစ်ရာ မြောက်ကိုရီးယား အစိုးရအနေဖြင့် တစ်နှစ်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိနေသည်။ မြောက်ကိုရီးယားအစိုးရက ငွေကြေးအလုံးအရင်းနှင့် ရရှိသော်လည်း အလုပ်သမားများ ပြန်လည်ရရှိသော ငွေကြေးက အနည်းအကျဉ်းမျှသာ။

မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးပြီး တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသူ Ro Hui-Chang ၏ ပြောပြချက်အရသူ့ အနေဖြင့် အရှေ့အလယ်ပိုင်းနှင့် ရုရှားနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ နှစ်များစွာ ကြာခဲ့ကြောင်း၊ ကုမ္ပဏီက သူ့ကို တစ်လ ဒေါ်လာ ၁၅၀၀ ခန့် ရရှိကြောင်း၊ သို့သော် သူရသည့် လစာငွေထဲမှာ ၁၀ ရာခိုင်နှုန်းသာ သူရရှိပြီး ရာခိုင်နှုန်း ၉၀ မှာ မြောက်ကိုရီးယား အစိုးရကယူကြောင်း ပြောပြသည်။

“မြောက်ကိုရီးယား အစိုးရက အလကားနီးပါးရတဲ့ ပိုက်ဆံတွေ ဖြစ်ပါတယ်။ မြောက်ကိုရီးယား အစိုးရက အလုပ်သမားတွေ နိုင်ငံခြား စေလွှတ်ရတာ အများကြီး တွက်ခြေကိုက်ပါတယ်” ဟု Ro က ပြောပြသည်။ မိမိအနေဖြင့် ပြည်ပတွင် သွားရောက် လုပ်ကိုင်ရသည်မှာ အင်မတန် ပင်ပန်းကြောင်း၊ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရကြောင်း အလုပ်သမားများ အနေဖြင့် ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်းလုပ်၍ရသော ငွေများကို ကာယကံရှင်က ၁၀ ရာခိုင်နှုန်းသာရပြီး မြောက်ကိုရီးယား အစိုးရက ရာခိုင်နှုန်း ၉၀ ယူနေကြောင်း Ro က သူ့အတွေ့အကြုံကို ရှင်းပြသည်။

နိုင်ငံခြားတွင် ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ရသည်မှာ မြောက်ကိုရီးယားနိုင်ငံတွင် လုပ်ကိုင်ရသည်ထက် များစွာသာသည်ဟု Ro က ပြောသည်။ မြောက်ကိုရီးယားနိုင်ငံရှိ အလုပ်သမားများ၏ ဘဝအခြေအနေနှင့် ရရှိသော လစာငွေသည် မြောက်ကိုရီးယား နိုင်ငံနှင့် နှိုင်းယှဉ်လျှင် များစွာနိမ့်ကျနေသည်။ ပြည်ပရောက် မြောက်ကိုရီးယား အလုပ်သမားများသည် ကြားဖြတ်လုပ်ငန်းများမှနေ၍ တစ်နှစ်လျှင် ဒေါ်လာ တစ်ထောင် နှစ်ထောင်ခန့် စုဆောင်းနိုင်သည့် အခွင့်အရေးကို ပြည်ပတွင် ရရှိနေသဖြင့် မြောက်ကိုရီးယား အလုပ်သမားများသည် အစိုးရ၏ ခေါင်းပုံဖြတ်မှုများ ရှိနေသည့်ကြားမှပင် ပြည်ပသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင် နေကြခြင်းဖြစ်သည်။

ပြည်ပသွားရောက် လုပ်ကိုင်မည့် အလုပ်သမားများ အနေဖြင့် နိုင်ငံရေးနှင့် ရာဇဝတ်မှု ကင်းရှင်းရန် လိုအပ်သည်။ နောက်ကြောင်းရာဇဝင် ကင်းရှင်းရန်က အဓိက ဖြစ်သည်။ အကြောင်းမှာ ပြည်ပသွားရောက် လုပ်ကိုင်ခွင့်သည် အခွင့်ထူးဖြစ်သည်။ သို့ဖြစ်ရာ ပြည်ပသွားရောက် လုပ်ကိုင်ခွင့်ရသူ အများစုမှာ မြောက်ကိုရီးယား အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် ပတ်သက်သူ အများစုဖြစ်သည်။ အချို့ဆိုလျှင် ပြည်ပအလုပ်သွားလုပ်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးရသည်။ ငွေကြေးမတတ်နိုင်လျှင် ဖြစ်စေ၊ အာဏာရ အလုပ်သမားပါတီနှင့် အဆက်အသွယ်မရှိလျှင်ဖြစ်စေ ဒေါ်လာရမည့် အလုပ် မရနိုင်ပေ။

ပြည်ပတွင် အလုပ်လုပ်ရသည်မှာ ပင်ပန်းဆင်းရဲသည် မှန်သော်လည်း မြောက်ကိုရီးယားနိုင်ငံတွင် လုပ်ရသည်ကပို၍ ဆိုးရွားနေသည်။ ရသည့်လစာကလည်း နည်းသည်။ ပြည်ပတွင် သွားရောက် လုပ်ကိုင်ရသည်က ဒေါ်လာရသည်။ ရသည့်ငွေကို စုဆောင်းပြီး မြောက်ကိုရီးယားနိုင်ငံ ပြန်လာလျှင် လုပ်ငန်းလေးတော့ လုပ်နိုင်သည်ဆိုသော ခံယူချက်ဖြင့် ပြည်ပမှာ အလုပ်လုပ်နေကြခြင်း ဖြစ်ကြသည်။

ပြည်ပမှာ အလုပ်လုပ်ခွင့် ပိတ်ပင်ခြင်းသည် မြောက်ကိုရီးယား အလုပ်သမားများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ကြရသည်။ မိမိတို့ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် မတူကွဲပြားသော ကမ္ဘာကြီးကို မြင်တွေ့ရပြီး မိမိတို့ တတွေသည် မြောက်ကိုရီးယားနိုင်ငံကို ပြောင်းလဲရေးအတွက် အင်အားစုဖြစ်လာနိုင်သည်ဟု ပြည်ပတွင် သွားရောက် လုပ်ကိုင်နေကြသော မြောက်ကိုရီးယား အလုပ်သမားများက ပြောပြကြသည်။ ယခုကဲ့သို့ ပိတ်ပင်ခြင်းသည် မြောက်ကိုရီးယား အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များကို တစ်စိတ်တစ်ပိုင်း ထိခိုက်နစ်နာစေသည်မှာ မှန်သော်လည်း ထိခိုက်နစ်နာရသူမှာ သာမန်ပြည်သူ အလုပ်သမားများသာ ဖြစ်နေကြောင်း ပြည်ပရောက် မြောက်ကိုရီးယား အလုပ်သမားများက ပြောပြကြသည်။

 

Most Read

Most Recent