ရွှေ့ပြောင်းလုပ်သားတွေရဲ့ အိမ်လွမ်းစိတ်နဲ့ ထိုင်းနိုင်ငံရဲ့ တိုးမြှင့်မယ့် လုပ်ခလစာ

ရွှေ့ပြောင်းလုပ်သားတွေရဲ့ အိမ်လွမ်းစိတ်နဲ့ ထိုင်းနိုင်ငံရဲ့ တိုးမြှင့်မယ့် လုပ်ခလစာ
ထိုင်းနိုင်ငံ အတွင်းရှိ ရေလုပ်ငန်းခွင် တစ်ခုတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်
ထိုင်းနိုင်ငံ အတွင်းရှိ ရေလုပ်ငန်းခွင် တစ်ခုတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်
Published 22 December 2019
ကိုရွှေသိန်း (မြဝတီ)

လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီကစပြီး ထိုင်းနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေခံ တစ်နေ့လုပ်အားခတွေ တိုးမြှင့်ပေးတော့မယ်လို့ အတည်ပြုလိုက်ခြင်းက မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ အိမ်လွမ်းစိတ်ကို ဖြေသိမ့်လိုက်သလို ဖြစ်နေပါတယ်။

မိသားစုဘဝ ဝမ်းဝရုံနဲ့ အဆင်မပြေနိုင်တော့တဲ့ လူ့ပတ်ဝန်းကျင် ကျေးလက်တောရွာတွေက လူငယ်လူရွယ်တွေဟာ လုပ်အားခ ပိုမိုရရှိတဲ့ ထိုင်းနိုင်ငံကို နေ့စဉ်ရာနဲ့ချီ သွားရောက်နေကြပေမဲ့ နောက်ချန်မိသားစု သံယောဇဉ်ကြောင့် အခါကြီးရက်ကြီး ပိတ်ရက်တွေမှာ အပြေးပြန်လာခဲ့ကြပါတယ်။

သို့ပေမဲ့ လွမ်းစိတ်မပြေမီ ချစ်မဝသေးခင်မှာ လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံကို ခွင့်ရက်အမီ အပြေးနှင်နေရပါတယ်။ အပြီးတိုင် ပြန်သွားလိုက်ချင်ပေမဲ့ မိခင်နိုင်ငံသားတွေ မလုပ်ချင်တဲ့၊ မိခင်နိုင်ငံသားတွေမလုပ်တဲ့ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေ အသက်အန္တရာယ်နဲ့နီးတဲ့ အလုပ်တွေ၊ အလွန်ညစ်ပတ်တဲ့ အလုပ်တွေကို မလုပ်ချင်လည်း လုပ်နေကြရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာကျေအောင် ဖေးမစကားကို ဆိုလိုက်တာက လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားခလစာ ထပ်မံတိုးမြှင့်တော့မယ်လို့ လုပ်အားခ တိုးမြှင့်ခြင်းဆိုင်ရာ ကော်မတီအကြိမ်၂၀ မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း ယခင်က ၃၀၈ ဘတ်မှ ဘတ် ၃၃၀ အထိ နေ ရာဒေသအလိုက် လုပ်အားခပေးခဲ့ရာကနေ ယခုအခါမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ တစ်နေ့လုပ်အားခကို ၃၁၃ ဘတ်မှ ၃၃၆ ဘတ်အထိ တိုးမြှင့်ပေးတော့မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နိုင်စုထိစွတ်ကိုစူမ်က ပြောကြားခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ( JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံမှာ လာမယ့် ၂၀၂၀ ဇန်နဝါရီလ ၁ ရက် နေ့ကစပြီး လက်ရှိလုပ်အားခ ၃၀၈ ဘတ်မှ ဘတ် ၃၃၀ ပေးနေရာကနေပြီးတော့ ၃၁၃ ဘတ်မှ ၃၃၆ ဘတ် အထိ တိုးမြှင့်ပေးသွားမယ်လို့ အမြဲတမ်း အတွင်းဝန်က ပြောထားတာ ရှိပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ဒီလို လုပ်အားခ တိုးမြှင့်ပေးရတာဟာ ထိုင်းနိုင်ငံရဲ့တိုးတက်မှုကို အထောက်အကူဖြစ်စေဖို့နဲ့ ထိုင်းစီးပွားရေးကို မြှင့်တင်ရန်ဖြစ်တယ်လို့လည်း  အမြဲတမ်းအတွင်းဝန်က ပြောကြားခဲ့တယ်။

ယခင်က အနိမ့်ဆုံး လုပ်ခလ စာရရှိတဲ့  နာရာထီဝါ့ခရိုင်၊ ပတာနီ ခရိုင်နဲ့ ယလာခရိုင်တို့မှာ ၃၁၃ ဘတ်အထိ တိုးမြှင့်ပေးသွားမှာဖြစ် သလို အမြင့်ဆုံး လုပ်အားခရရှိတဲ့ ချွန်းဘူရီခရိုင်၊ ဖူးခတ်ခရိုင်မှာတော့ ၃၃၆ ဘတ်အထိ တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာလုပ်သား အများအပြား ဝင်ရောက်လုပ်ကိုင်နေပြီး လုပ်အားခတွေ ခေါင်းပုံဖြတ်ခံရသလို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မဲဆောက်အပါအဝင် တာ့ခ်ခရိုင် ကိုးမြို့နယ်မှာတော့ တစ်နေ့လုပ်အားခ ၃၁၅ ဘတ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေသလို အနိမ့်ဆုံး တစ်နေ့လုပ်အားခမှာလည်း ကျပ် ၄၈၀၀ သာ သတ်မှတ်နိုင်သေးတဲ့အတွက် ပြောင်းလဲလာတဲ့ ကုန်စျေးနှုန်းလှိုင်းကို ကျော်လွှားနိုင်ဖို့ မိသားစု ဝမ်းဝရုံအပြင် ခါးလှဖို့အတွက်ရယ်က MoU လုပ်သားအဖြစ် ထိုင်းကို ထွက်ခွာနှုန်းမှာ ယခင်နှစ်ကထက် မြင့်တက်ကာ တစ်လထက်တစ်လ များပြားနေဆဲ ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် ထွက်ခွာနှုန်းကလည်း ၂၀၁၉ ခုနှစ်  ၁၁ လအတွင်း ၂၀၀၀၀၀ ကျော်ရှိလာပြီ ဖြစ်ပေမဲ့ စက်ရုံအလုပ်ရုံ ပိတ်သိမ်းမှု အချို့ကြောင့် အလုပ်လက်မဲ့ဖြစ်ကာ နေရပ်ပြန်လည် ရောက်ရှိလာသူများလည်း ရှိပါရဲ့။ 

နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်ဖြစ်တဲ့ လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံသို့ ထွက်ခွာနေတာ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ပိုပိုများပြားလာတယ်လို့လည်း သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်းက MoU စနစ်နဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ခွာခဲ့သူ  မြန်မာအလုပ်သမားဦးရေမှာ တစ်သိန်းခွဲခန့်သာ ရှိခဲ့ပေမဲ့  ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလကုန်အထိ ၁၁ လအတွင်း အမျိုးသား အမျိုးသမီး ၂၀၀၀၀ ကျော် ထွက် ခွာသွားခဲ့ပြီ ဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

ယခုနှစ် MoU လုပ်သားအဖြစ် ဇန်နဝါရီမှာ အမျိုးသား အမျိုးသမီး ၁၇၄၉၉ ဦး၊ ဖေဖော်ဝါရီမှာ ၁၇၇၄၈ ဦး၊ မတ်မှာ ၁၆၅၉၃ ဦး၊ ဧပြီမှာ ၁၅၄၁၁ ဦး၊ မေမှာ ၂၀၉၅၀ ဦး၊ ဇွန်မှာ ၁၉၁၃၉ ဦး၊ ဇူလိုင်မှာ ၂၂၀၄၈ ဦး၊ သြဂုတ်မှာ၂၄၅၀၇ ဦး၊ စက်တင်ဘာမှာ၂၄၅၄၄ ဦး၊ အောက်တိုဘာမှာ ၁၈၀၀၀ နဲ့ နိုဝင်ဘာမှာ အမျိုးသား အမျိုးသမီး ၂၁၂၀၇  ဦး ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

မြဝတီနယ်စပ်ဂိတ်ကနေ တစ်နေ့ပျမ်းမျှ လူဦးရေ ၈၀၀ နဲ့ ၁၀၀၀ ကြား MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ တရားဝင် ပို့ဆောင်နေကြပေမဲ့ အချို့သော အေဂျင်စီတွေက စာချုပ်ပါအတိုင်း အလုပ်နေရာသို့ မပို့ဆောင်ဘဲ လူစုခွဲ ပို့ဆောင်ခြင်း၊ လုပ်သားများ အလုပ်လုပ်ကိုင်ရခြင်း မရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သူလည်း အများအပြား ရှိနေပါတယ်။

ငွေကျပ် ၁၀ သိန်းကျော် အကုန်အကျခံပြီးတော့ တရားဝင် သွားရောက်ခဲ့ပေမဲ့ စာချုပ်ပါအတိုင်း အလုပ်မလုပ်ရဘဲ မြဝတီသို့ ပြန်ရောက်လာသူ ကိုဇင်မင်းစိုးက “ဒီကခေါ်သွားတာ အလုပ်က တစ်ခုတည်း၊ တစ်နေရာတည်းမှာ လုပ်ရမယ်။ ဟိုရောက်တော့ လူစုခွဲပြီး ဟိုပို့ ဒီပို့ပေါ့။ ရောက်တဲ့နေရာမှာလည်း အလုပ်မလုပ်ရ။ တခြားလူတွေ ဘယ်ရောက်ကုန်လည်းမသိ။ ကျွန်တော်တို့က ၂၀ အဖွဲ့မှာ ပါခဲ့တာ။ တကယ်စာချုပ်တာ မြန်မာဘက်က ကုမ္ပဏီတွေ၊ ထိုင်းဘက်ကိုကျတော့ ကိုယ်စားလှယ်တွေက လာခေါ်တာ။ ကိုယ်ပို့တဲ့ အလုပ်ရုံ၊ စက်ရုံမှာ အလုပ်တကယ်ရှိလား မရှိလားမသိ။ ဇွတ်ပို့ကြတာပဲ။ ထိုင်းရောက်တော့မှ  အလုပ်လည်းမရ၊ စားစရာလည်းမရှိ။ ထမင်းငတ်တဲ့ နေ့တွေတောင် ရှိခဲ့ကြပါတယ်” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ သွားဖို့အတွက် မိဘနေအိမ်ခြံဝင်းကို အတိုးနှုန်း ၁၀၀ ကို ၁၀ ကျပ်နဲ့ ပေါင်နှံခဲ့ရပေမဲ့ အလုပ်မလုပ်ရဘဲ နေရပ်ပြန်လာ ရတဲ့အတွက် မိသားစုဘဝများစွာ အခက်အခဲ ဖြစ်နေရပြီလို့လည်း ကိုဇင်မင်းစိုးက ပြောဆိုပါတယ်။

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုရဲမင်းက လုပ်သားပို့ဆောင်တဲ့ အေဂျင်စီတွေအနေနဲ့ မှန်မှန်ကန်ကန် ပို့ဆောင်ပေးဖို့လိုသလို ကိုယ်ပို့ဆောင်တဲ့စက်ရုံ အလုပ်ရုံမှာ အလုပ်တကယ်ရှိလား မရှိလား သိဖို့လိုကြောင်း၊ ကိုယ်ပို့လိုက်တဲ့ အလုပ်သမားတွေ အလုပ်လုပ်ရလား မလုပ်ရလား တာဝန်ယူမှု တာဝန်ခံမှု ရှိရန်လိုကြောင်း၊ သက်ဆိုင်ရာ မြန်မာအလုပ်သမား ဝန်ကြီးဌာနကလည်း စာချုပ်ပါအတိုင်း မှန်ကန်မှု ရှိမရှိကို စစ်ဆေးဖို့လိုကြောင်း၊ မှန်ကန်တဲ့ အေဂျင်စီတွေ ပေါ်ထွက်ဖို့လိုသလို မမှန်မကန် လုပ်သားပို့ဆောင် သူများကိုလည်း အရေးယူ ဆောင်ရွက်သင့်တယ်လို့ ဆိုပြန်တယ်။

ဒါ့ပြင် ထိုင်းအစိုးရ၏ လုံခြုံရေးစီမံကိန်း X Ray စီမံချက်အရ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံ အတွင်းမှာ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နေထိုင်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံ အစိုးရရဲ့ X Ray စီမံချက်အရ တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးစစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေတဲ့အတွက် ရဲ၊ ထိုင်းတပ်မတော်၊ နယ်ခြားစောင့်တပ်၊ အလုပ်သမားဌာန အပါအဝင် အဖွဲ့စုံနဲ့ ဖမ်းဆီးခြင်းကိုလည်း ခံနေကြရတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရရဲ့ X-ray စစ်ဆင်ရေးအရ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားများမှာ ဗီဇာရက်ကျော် နေထိုင်နေသူတွေ၊ စာရွက်စာတမ်းမရှိ တရားမဝင် လာရောက်နေထိုင်နေသူ၊ အလုပ်အကိုင်နေရာ ပြောင်းရွှေ့ကြောင်း သက်ဆိုင်ရာကို သတင်းပေးဖို့ ပျက်ကွက်ခဲ့သူတွေအပြင် မူးယစ်နဲ့ မှုခင်းတရားခံတွေ နိုင်ငံခြားသားများ ကိုယ်ပိုင်စျေးမရောင်းရဥပဒေ ချိုးဖောက်နေသူတွေလည်း ဖမ်းဆီးခံရမှုတွေ ရှိနေပါတယ်။

ဒါ့ပြင် MoU စနစ်ကို ခုတုံးလုပ်ပြီး တရားမဝင် လူစုဆောင်းကာ လိမ်လည်သူ ပွဲစားအချို့ရဲ့ အပြောကြွယ်မှုကို အယုံလွယ်လို့ အရှိုက်ခက်သူတွေလည်းရှိရဲ့။

ပြည်တွင်းမှာ အခြေခံလူတန်းစားတွေ ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ အလုပ်ရုံစက်ရုံ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေကြောင့်  ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်လိုကြတဲ့ နေရပ်အစုံက မြန်မာလုပ်သား အချို့လည်း အပြောကြွယ်သူ ပွဲစားတွေရဲ့ လိမ်လည်မှုကို ခံကြရပါတယ်။

အလိမ်ခံရသူ တစ်ဦးဖြစ်တဲ့ ဒိုက်ဦးမြို့နယ်က ထွန်းထွန်းဝင်းက “ကျွန်တော်တို့က တောသူတောင်သား လယ်သမားတွေပါ။ ငွေခြောက်သိန်း ခုနစ်သိန်း ဆိုတာ အတိုးနဲ့ ရှာခဲ့ရတာ။ အတိုးနဲ့ ရှာတာလည်း မျက်နှာငယ်လေးနဲ့ ချေးယူရတာပါ။ မြဝတီတောရကျောင်းနားက အေးသာယာ ၂ လမ်းက ကိုအောင်ကိုဝင်းနဲ့  မဝင်းသီတာတို့ အိမ်ကိုရောက်တယ်။ အောက်ပွဲစားကတော့ ကညွတ်ကွင်းက ဦးမြင့်ဌေး ဆိုတဲ့သူက ပို့ပေးတာပါ” ဟု ဆိုပါတယ်။

မိသားစု ဝမ်းရေးအတွက် မိဝေးဖဝေး သားသမီး ချစ်တဲ့သူတွေနဲ့ ခွဲခွာကာ အလုပ်သွားလုပ်ကြပေမဲ့ တချို့က လုပ်ငန်းခွင်ကို မရောက်ဘဲ အလိမ်ခံရ၊ တချို့လည်း ထိုင်းကိုရောက်ပြီးမှ မသမာတဲ့ အေဂျင်စီ တချို့ရဲ့ ရောင်းကုန်အဖြစ်နဲ့ ဟိုပို့ ဒီပို့ အရောင်းစားခံ ဘဝနဲ့ပေါ့။

မြန်မာလုပ်သား နှစ်သိန်းခွဲကျော် အလုပ်လုပ်နေတဲ့ မြဝတီမြို့ရဲ့ သောင်ရင်းတစ်ဖက်ကမ်းက မဲဆောက် ဒေသမှာလည်း လုပ်အားခ အပြည့်အဝ မရခြင်း အပါအဝင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရဆဲ ဖြစ်တယ်လို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ရုံးအဖွဲ့မှူး ဦးမိုးကျော်က ပြောပါတယ်။

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ရုံးအဖွဲ့မှူး ဦးမိုးကျော်က “မဲဆောက်ဒေသမှာ စက်ရုံအလုပ်ရုံပေါင်း လေးရာကျော်ရှိတယ်။ စက်ရုံအလုပ်ရုံအပြင် ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ စိုက်ပျိုးရေးလုပ်ငန်းခွင်၊ အိမ်အကူ လုပ်ငန်းတွေ၊ စျေးဆိုင်တွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတာနဲ့ဆိုရင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သိန်းခွဲကျော်ရှိတယ်။ ထိုင်းအစိုးရက မဲဆောက်ဒေသမှာ ပြဋ္ဌာန်းထားတာ တစ်နေ့ ရှစ်နာရီ လုပ်အားခ ဘတ် ၃၁၀ ရှိ တယ်။ မြန်မာရွှေ့ပြောင်း လုပ်သားတွေဆိုရင် လုပ်အားခ ပြည့်ပြည့်ဝဝရတဲ့ စက်ရုံဆိုလို့ TK ကြီး၊ တော့ဖောင်း အပါအဝင် စက်ရုံငါးရုံခန့်သာရှိတယ်။ အခြား စက်ရုံအလုပ်ရုံနဲ့ အခြားလုပ်ငန်းခွင်တွေမှာဆိုရင် ဘတ် ၁၅၀ မှဘတ်၂၀၀ အထိသာ ရရှိကြပါတယ်။ တကယ် ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ လုပ်အားခ ဘတ် ၃၁၀ တော့ မရရှိကြပါဘူး။ ဒါ့ပြင် ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေမှာလည်း အခွင့်အရေး ချိုးဖောက်ခံနေရဆဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မြန်မာ့ရွှေ့ပြောင်း လုပ်သားများအနေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရပြီး အလုပ်သမား အခွင့်အရေး ရရှိဖို့အတွက် နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက် လုပ်ဆောင်ပေးဖို့လိုကြောင်း ဦးမိုးကျော်က “ဒေသတွင်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေထဲမှာ မြန်မာအပြင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တွေရှိတယ်။ အင်ဒိုနီးရှားတွေရှိတယ်။ သူတို့နိုင်ငံက အစိုးရက ကြပ်မတ်ပေးနိုင်တဲ့အတွက် သူတို့တွေ အလုပ်သမား အခွင့်အရေးတွေ ရရှိတာ တွေ့ရတယ်။ ရွှေ့ပြောင်းလုပ်သားတွေ စေလွှတ်တဲ့ အချိန်မှာ လက်ခံတဲ့ နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မိမိ အလုပ်သမားတွေ တခြားနိုင်ငံမှာ အလုပ်သမား အခွင့်အရေးရရှိဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်” လို ့ဆိုပါတယ်။

ကွန်ပျူတာစက်ဆွဲ လုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်နေတဲ့ မသဇင်ကလည်း အလုပ်သမား အခွင့်အရေး ချိုးနှိမ်ခံနေရပေမဲ့ မိမိနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ လုပ်အားခလစာ နည်းပါးတာရယ်ကြောင့်သာ သူများနိုင်ငံမှာ မိဘဆွေမျိုးတွေနဲ့ ခွဲပြီးတော့ လာရောက် လုပ်ကိုင်နေရတာဖြစ်တယ်။ မိမိနိုင်ငံတွင်းမှာ လုပ်အားခ မြင့်တက်လာပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း ရရှိမယ်ဆိုလျှင် မိမိနိုင်ငံမှာသာ ပြန်လုပ်ချင်ပါတယ်လို ့ပြောဆိုခဲ့ပါတယ်။

မြန်မာရွှေ့ပြောင်း လုပ်သားတွေဟာ မိခင်နိုင်ငံသားတွေ မလုပ်ချင်တဲ့ မလုပ်တဲ့ အလုပ်တွေကို အလုပ်သမား အခွင့်အရေး ချိုးနှိမ်ခံကာ လုပ်ဆောင်နေရပြီး နောက်ချန်မိသားစုတွေကို လွမ်းတဲ့စိတ် အိမ်လွမ်းတဲ့ စိတ်တွေကို ထပ်မံတိုးမြှင့်လိုက်တဲ့ လုပ်အားခ လစာက ဖြေသိမ့်နိုင်မလား ဆိုတာကိုတော့ဖြင့် စောင့်ကြည့်ရဦးမည်သာ။

 

Most Read

Most Recent