ရာမညလွှတ်တော်က မေးခွန်းထုတ်လိုက်တဲ့ မူးယစ်ဆေးဝါး

ရာမညလွှတ်တော်က မေးခွန်းထုတ်လိုက်တဲ့ မူးယစ်ဆေးဝါး
မော်လမြိုင်မြို့ ဖားအောက်ကျေးရွာတွင် လက်နက်နှင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများနှင့်အတူ တွေ့ရစဉ်
မော်လမြိုင်မြို့ ဖားအောက်ကျေးရွာတွင် လက်နက်နှင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများနှင့်အတူ တွေ့ရစဉ်
Published 22 December 2019
ဘိုဘိုမြင့်

 

“ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်မဲဆန္ဒနယ်မှာ ဖြစ်သွားတာပါ။ နောက်ဆုံး မူးယစ်ဆေးဝါးရောင်းတဲ့လူကို ရဲကမဖမ်းလို့ ကျွန်တော်ကိုယ်တိုင် ခင်ဗျားဒီမှာ ဖမ်းတော့လို့ ပြောတဲ့အခါမှ ဖမ်းသွားတယ်။ အဲဒီတော့ ဘယ်သူက ဖမ်းခိုင်းလဲဆိုတော့ လွှတ်တော် ကိုယ်စားလှယ်က ဖမ်းခိုင်းတာတဲ့။ အဲဒီခေါင်းစဉ်ကိုယူရင် ကျွန်တော်တို့ကတော့ မဖမ်းချင်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်က ဖမ်းခိုင်းလို့ ဖမ်းရတာပါခင်ဗျာ ဆိုတဲ့ခေါင်းစဉ်မျိုး တပ်တယ်။ ဒါကတာဝန်ရှိသူတွေရဲ့ Community Standard က နိမ့်နေတယ်ဆိုတာမျိုးကို ပြနေတယ်။  ဆိုတော့ ဒါကိုဘယ်လိုကျော်လွှားကြမလဲ” 

ဒါက ဒီဇင်ဘာ ၁၆ ရက်က မွန်ပြည်နယ်လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကနေ တင်ပြတဲ့ မူးယစ်ဆေးဝါး အန္တရာယ်သုံးစွဲမှုလျှော့ချရေး လေ့လာတွေ့ရှိချက် ဆွေးနွေးခြင်းအစီအစဉ်မှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး ဆွေးနွေးပြောကြားခဲ့တာပါ။

“ကျွန်တော်တို ့တရားဥပဒေစိုးမိုးရေး လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ Community က ဘယ်အတိုင်းအတာအထိ လက်ခံတယ်။ ဘယ်အတိုင်းအတာအထိ လက်မခံဘူးဆိုတာ ခွဲခြားသိနိုင်ဖို့ အင်မတန်ခက်ခဲတဲ့ Community ဖြစ်နေတယ်။ ဆိုကြပါစို့။ ရပ်ကွက်တစ်ခုရဲ့ အုပ်ချုပ်ရေးမှူးရုံးကို ရောက်လာတဲ့ သားရေးသမီးရေး ကိစ္စ၊ လင်မယားကိစ္စတွေဆိုရင် နားလည်မှုနဲ့ ဖြေရှင်းကြတယ်။ ဒါက ရပ်ကွက်တစ်ခုဒေသတစ်ခု ဒါကို လက်ခံတယ်ဆိုရင် Community Standard အရ အဆင်ပြေတယ်။ လင်မယားနှစ်ယောက် အဆင်မပြေလို့ တစ်လင်တစ်မယားဥပဒေနဲ့ ဖြေရှင်းမယ့်အစား ညှိနှိုင်းဆောင်ရွက်လို့ အဆင်ပြေတယ်ဆိုရင် ဒါကိုလက်ခံပေးရမယ်။ နောက်တစ်ခုက ယာဉ်တိုက်မှုဖြစ်တယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်တဲ့ ဥပဒေတွေ မည်သို့ပင်ရှိစေကာမူ ဒါကိုညှိနှိုင်းလို ့ပြေလည်ရင် လက်ခံကြတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို ့ပတ်ဝန်းကျင်မှာပဲ ရောင်းဝယ်ဖောက်ကားနေကြတယ်။ ဒါကို Community က ဘာမှ မတုံ့ပြန်ဘူး။ လူကုန်ကူးနဲ့ပတ်သက်လို့ ဖြစ်တယ်။ ဒါကို Community က ဘာမှမပြောဘူး။ ငြိမ်နေတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ဘာလို့ ငြိမ်နေလဲလို့ မေးရင် ပြည်သူတွေက ရုန်းကြွလိုစိတ်တော့ရှိနေတယ်။ သို့သော်လည်း ဘာမှမထူးဘူးကွာ ဆိုတဲ့အမြင်မျိုးတွေက ရှိနေကြတယ်” လို ့ဒေါက်တာခင်နိုင်ဦးက ဆိုပါတယ်။

ဒါ့အပြင် တကယ့်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက နားလည်မှုပေးလို့ရတဲ့ကိစ္စတွေကို နားလည်မှုပေးတာသည် ကိစ္စမရှိကြောင်း၊ Community ထဲတွင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် လုံးဝလက်မခံဆိုသည့်အမြင်မျိုး၊ ခိုး၊ ဆိုး၊ နှိုက် မူးယစ်ရမ်းကားခြင်းနဲ့ပတ်သက်ပြီး လုံးဝလက်မခံဘူးဆိုခြင်းမျိုးကို ထိုသို့ တာဝန်ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက တာဝန်သိသိရပ်တည်ထားပါမှ တရားဥပဒေစိုးမိုးရေးကို ပြည်သူတွေ အယုံအကြည်ရှိလာမှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။    

၎င်းက ဆက်လက်ပြီးတော့ “ ဆိုကြပါစို့... မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ လူတစ်ယောက်က ရပ်ကွက်ထဲမှ လျှောက်သွားနေတယ်။ ဒါကို ရပ်ကွက်မှာတာဝန်ရှိတဲ့ ရာအိမ်မှူးက ရဲကိုအကြောင်းကြားတယ်။ လာဖမ်းပါပေါ့။ ဒါပေမဲ့ ရဲက လာမဖမ်းဘူး။ နောက်တစ်ခါလည်း သတင်းပို့တယ်။ ရဲကလာမဖမ်းဘူး။ အဲဒီရာအိမ်မှူးက သုံးကြိမ်လောက် သတင်းပို့ပြီးတော့ ဘာမှမထူးခြားဘူးဆိုရင် သူသည်ဘာမှမပြောနိုင်တော့ဘူး။ ဒီတော့ သူသည် စခန်းမှူးကိုပြောမယ်။ နယ်ထိန်းကိုပြောမယ်။ အုပ်ချုပ်ရေးမှူးကိုပြောမယ်။ အဲဒီမှာ တာဝန်ရှိတဲ့လူတွေက အရေးကြီးလာပြီ။ အုပ်ချုပ်ရေးမှူးဆိုတာမျိုး၊ ရဲတပ်ဖွဲ့က တာဝန်ရှိသူဆိုတာမျိုးက သူတို့ရဲ့ Community Standard ကိုဘယ်လောက် သတ်မှတ်ထားလဲဆိုတာ ယနေ့ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ချိန်ထိုးပြီး ကျွန်တော် ပြောချင်တာပါ။ ဆိုလိုတာက တကယ်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက နားလည်မှုပေးလို ့ ရတဲ့ကိစ္စတွေကို နားလည်မှုပေးတာ ကိစ္စမရှိဘူး။ ကျွန်တော်တို့ Community ထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် လုံးဝလက်မခံဘူး ဆိုတာမျိုး၊ ခိုး၊ ဆိုး၊ နှိုက် မူးယစ်ရမ်းကားတာနဲ့ပတ်သက်ပြီး လုံးဝလက်မခံဘူးဆိုတာမျိုးကို အဲဒီတာဝန်ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက တာဝန်သိသိတည်ထားပါမှ၊ ရပ်တည်ထားပါမှ ကျွန်တော်တို့ ကျော်လွှားလို့ ရပါမယ်”  လို ့ပြောကြားခဲ့ပါတယ်။

အလားတူ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကလည်း  “ ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ရတာက မူးယစ်ဆေးစွဲနေတဲ့ ကလေးတစ်ယောက်ကို         ဆေးဖြတ်ဖို ့သူ့မိဘကလာအပ်တဲ့အခါမှာ အဲဒီကလေးရဲ့ဖုန်းထဲမှာ အသံဖိုင်တွေလည်းရှိတယ်။ ဖုန်းဆက်ပြီး ဆေးဝယ်တဲ့လူရဲ့ ဖုန်းနံပါတ်လည်းရှိတယ်။ ဆေးဝယ်တဲ့ လူရဲ ပြောထားတဲ့စကားလည်းရှိတယ်။ အဲဒီဆေးဝယ်တဲ့လူရဲ့အိမ်ကိုလည်းသိတယ်။ ရဲကို ကျွန်မ ကိုယ်တိုင်ပေးပါတယ်။ ရဲကမဖမ်းပါဘူး။ ဘာပြောလဲဆိုတော့ လက်ပူးလက်ကြပ်မိမှတဲ့။ အဲဒီတော့ သူ့ဆီမှာဆေးဝယ်ဖို့အတွက်ကို Try လုပ်ရဦးမယ်။ အဲဒီတော့ ရဲကဘာပြောလဲဆိုတော့ သူတို့ဆီမှာပိုက်ဆံ သုံးလေးငါးသိန်း မရှိဘဲနဲ့ ရင်းလို ့ မရဘူးတဲ့။ အဲဒီတော့ ကျွန်မကပဲ ပိုက်ဆံသုံးလေးငါးသိန်း ထုတ်ပေးရမလို ဖြစ်နေတယ်” လို့ ဆွေးနွေး ပြောကြားခဲ့ပါတယ်။

၎င်းတို့ပြောသည့် အကြောင်းပြချက်က အများကြီးရှိကြောင်း၊ မူးယစ်ဆေးဝါး ရောင်းသည့်လူနှင့် ရင်းနှီးမှုရန် ၎င်းတို့၏ အင်ဖော်မာများမှတစ်ဆင့် အကြိမ်ပေါင်းများစွာ ဝယ်ရမည်ဖြစ်ကြောင်း၊ ဝယ်ပြီးသည့် အချိန်ကျမှ လက်ပူးလက်ကြပ်မိရန်အတွက် ကြိုးစားရကြောင်းကို မိမိအား အကြောင်းပြချက်ပေးပါကြောင်း၊ ဖုန်းထဲ၌ဖုန်း နံပါတ်၊ အသံဖိုင်၊ လိပ်စာရှိပေမယ့် လွန်စွာခက်ခဲကြောင်း၊ ယင်းအဖြစ်အပျက်သည် မိမိအနေဖြင့် မူးယစ်ဆေးဝါးဖြတ်ရန် ကူညီလုပ်ဆောင်ပေးနေသည့်အတွက် သိရခြင်းဖြစ်ကြောင်း၊ မိသားစုက ၎င်းတို့၏ ကလေး မူးယစ်ဆေးဝါး သုံးစွဲနေသည်ကိုသိရှိပြီး ချက်ချင်းအသိပေး အကြောင်းကြားခြင်းမှာ မူးယစ်ဆေးဝါးအား ယင်းမိသားစုက လက်မခံနိုင်သည့်အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ကလေးကိုယ်တိုင်ကလည်း မူးယစ်ဆေးဖြတ်လိုသည့် စိတ်ဆန္ဒရှိသည့်အတွက် သိရသော အကြောင်းရင်းများဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

“ ကျွန်မအနေနဲ့ကတော့ မူးယစ်ဆေးဝါး ရောင်းနေတဲ့လူကိုဖမ်းချင်ရင် သမ္မတရုံးကိုတိုက်ရိုက် ဆက်သွယ်ရမယ့်  Website နဲ့ ဖုန်းနံပါတ်တွေ ရှိပါတယ်။ သတင်းသာပို့လိုက်ပါ။ တကယ်လာဆင်းဖမ်းပါတယ်။ သထုံမြို့နယ်မှာ လာဖမ်းသမျှက ပြည်ထောင်စုက လာဖမ်းတာပါ။ မြို့နယ်ကဖမ်းတာမဟုတ်ပါဘူး” လို့ ဒေါ်ခိုင်ခိုင်လဲ့က ဆက်ပြောပါတယ်။

ယခုအချိန်တွင် မူးယစ်ဆေးဝါးကိစ္စသည် လွန်စွာဆိုးရွားနေကြောင်း၊ NLD အစိုးရမတက်ခင်က ဆေးပြားတစ်ပြားကို ၅၀၀၀ ကျပ်ဟု အပြင်မှာ ကြားသိရကြောင်း၊ လက်ရှိတွင် ဆေးပြားတစ်ပြားကို ၂၀၀၀ ကျပ်၊ ၁၅၀၀ ကျပ် စသည်ဖြင့်ဖြစ်နေပြီဟု ကြားသိရသည့်အတွက် မူးယစ်ဆေးဝါးများ ပိုပေါလာသည်ဟုယူဆ၍ရကြောင်း မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က မူးယစ်ဆေးဝါးအန္တရာယ်သုံးစွဲမှု လျှော့ချရေး လေ့လာတွေ့ရှိချက် ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

‘ ဒီမူးယစ်ဆေးဝါးပြဿနာကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကလည်း အင်မတန် သိမ်မွေ့တဲ့ ကိစ္စဖြစ်နေတယ်။ မူးယစ်ဆေးဝါးကို နှိမ်နင်းတာကတစ်ပိုင်း၊ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဘက်ကိုအာရုံမရောက်အောင်၊ မသုံးစွဲဖြစ်အောင် တခြားအာရုံလွှဲရမှာကတစ်ပိုင်းပေါ့။ နောက်ဆုံးကျတော့ ဘတ်ဂျက်ရအောင် ဘယ်လိုလုပ်ကြမလဲပေါ့။ ဘတ်ဂျက်ရအောင် ပြည်ထောင်စုအစိုးရကိုရော၊ ပြည်နယ်အစိုးရကိုပါ ဘယ်လိုတွန်းအားပေးမလဲဆိုတာကို ကျွန်တော်တို့ လွှတ်တော်ပိုင်းက ၀ိုင်းဝန်းအဖြေရှာပေးရင် ပြေလည်နိုင်မယ်လို့ ယူဆပါတယ်” လို့ ဦးမင်းထင်အောင်ဟန်က ဆွေးနွေးခဲ့ပါတယ်။

ထို့ပြင် တချို့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုက အသိပေး တိုင်ကြားမှုတွေ လုပ်ဆောင်သော်လည်းပဲ အချိန်နဲ့ တစ်ပြေးညီလုပ်ကိုင်ဆောင်ရွက်မှု အားနည်းမှုများရှိကြောင်း၊  ထိထိရောက်ရောက် ပိုင်ပိုင်နိုင်နိုင် ဖမ်းဆီးနိုင်စွမ်းအား နည်းခြင်းများကိုလည်း ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ခြင်းမျိုး အကြိမ်ကြိမ်ရှိခဲ့ကြောင်း၊ ထို့ပြင် ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက်မှုအပိုင်းတွင်လည်း အားနည်းချက်များရှိသည်ကို တွေ့ရကြောင်း

ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်  (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါက်တာအောင်နိုင်ဦးက ပြောကြားပါတယ်။

ဖမ်းဆီးရမိသော လက်နက်နှင့် မူးယစ်ဆေးဝါးများကို တာဝန်ရှိသူတို့ စစ်ဆေးနေစဉ်

၎င်းက “ တချို့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုက အသိပေးတိုင်ကြားမှုတွေ လုပ်ဆောင်သော်လည်းပဲ အချိန်နဲ့ တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်တာတွေ အားနည်းတာတွေရှိတယ်။ ထိထိရောက်ရောက် ပိုင်ပိုင်နိုင်နိုင် ဖမ်းဆီးနိုင်စွမ်းအားနည်းတာတွေကို ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ ဖမ်းဆီးရမိပြီးတော့ အရေးယူဆောင်ရွက်မှုအပိုင်းနဲ့ ပတ်သက်လို ့အားနည်းချက်တွေလည်း ရှိတယ်ပေါ့။ ဖမ်းဆီးအရေးယူပြီးရင် တရားရုံးက အဆုံးအဖြတ်ကလည်း အရေးကြီးတဲ့အပိုင်းမှာ ပါတယ်။ ကျူးလွန်သူကို ဘယ်လိုပြစ်မှု၊ ပြစ်ဒဏ်တွေ ချမှတ်လိုက်သလဲဆိုတာမျိုးကို မီဒီယာကနေ ဖော်ပြမှုတွေကလည်း အားနည်းတယ်။ အဲဒီလိုအားနည်းတော့ တချို့က ဒါကြီးကသိပ်ကြောက်နေစရာ မလိုဘူးဆိုတဲ့ ပုံစံမျိုးလည်းဖြစ်စေတယ်ဆိုပြီးတော့ ဒီလိုမျိုးလည်း ဆွေးနွေးခဲ့ကြပါတယ်” လို့ မူးယစ်ဆေးဝါးအန္တရာယ် သုံးစွဲမှုလျှော့ချရေး လေ့လာတွေ့ရှိချက် ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ပြောကြားပါတယ်။

မိမိတို့ကိုယ်စားလှယ်များအနေဖြင့် အခြားဖြည့်စွက် ဆွေးနွေးတာတွေလည်း အများကြီးရှိကြောင်း၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့်ပတ်သက်ပြီး ပါဝင်သည့် အဖွဲ့အစည်းများအားလုံး ဟန်ချက်ညီပြီး ခိုင်မာအားကောင်းရန် လိုအပ်သည်ဟုယူဆကြောင်း၊ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများဆိုသည်မှာ အစိုးရအဖွဲ့၊ သက်ဆိုင်ရာ မူးယစ်နှိမ်နင်းရေးအထူးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊  ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်နေကြသည့် ကျန်းမာရေးအဖွဲ့၊ ပြစ်မှုပြစ်ဒဏ်များ ချမှတ်ပေးသော တရားစီရင်ရေးအဖွဲ့တို့ကို ဆိုလိုခြင်းဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုပါတယ်။

“ ရဲတပ်ဖွဲ့အနေနဲ့ပြောရရင်တော့  ပထမအားနည်းချက်က လူ့ စွမ်းအားအရင်းအမြစ် အားနည်းမှုပေါ့။ လက်ရှိရှိနေကြတဲ့ ရဲတပ်ဖွဲ့ဝင် အင်အားနဲ့ ကြီးမားစွာဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးစိန်ခေါ်မှုကို ထိန်းကျောင်းနိုင်ဖို့၊ ထိန်းချုပ်နိုင်ဖို့ လူအင်အားက မမျှတတဲ့အနေအထားမျိုး တွေ့ရပါတယ်။ နောက်ဒုတိယအချက်က ဘဏ္ဍာရေးနဲ့ တခြားပစ္စည်းကိရိယာ အထောက်အပံ့အပိုင်းပေါ့။ ရဲတွေမှာက သိတဲ့အတိုင်းပဲ တခြားနိုင်ငံတွေကရဲတွေလို စမ်းသပ်တဲ့ ကိရိယာတွေ၊ အချိန်နဲ့တစ်ပြေးညီစစ်ဆေးနိုင်တဲ့ ကိရိယာတို့၊ စနစ်တကျထိန်းကျောင်းထားတဲ့ ခွေးတွေကအစ အပြည့်အဝမရှိဘူး။ ဒါ့ကြောင့် မူးယစ်ဆေးဝါး ရှာဖွေဖော်ထုတ်တဲ့အပိုင်းမှာ အားနည်းမှုရှိတယ်ပေါ့။ အဲဒါက တစ်ချက်။ နောက်တစ်ချက်က ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ခလစာနဲ့ ခံစားခွင့်အပိုင်းက အားနည်းတဲ့အခါ တစ်ခါတလေကျတော့ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားတဲ့လူတွေနဲ့သွားပြီးတော့ ဆက်စပ်ပတ်သက်မိတာမျိုး၊ အဂတိ လိုက်စားမှုပုံစံမျိုး ဖြစ်နေတယ်။ ဒါကလည်း အားနည်းချက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ကမြင်ရပါတယ်။ ဒါကရဲတပ်ဖွဲ့ရဲ့ အပိုင်းပါ” လို့ ဒေါက်တာအောင်နိုင်ဦးက ပြောကြားပါတယ်။

၎င်းကပင် ဆက်လက်ပြီးတော့ “ ကျွန်တော်တို့ ဖြစ်စေချင်တာက လူသားအရင်းအမြစ်တိုးပွားဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့လိုတယ်။ နောက်သူတို့အတွက် ပစ္စည်းကိရိယာတွေ ပိုပြီးတော့ အားကောင်းဖို့အတွက် ဖြည့်ဆည်းပေးတာမျိုးတော့ လုပ်သင့်တယ်။ ဒါက ရဲတပ်ဖွဲ့ဝင်တွေအတွက်ပါ။ တစ်ဖက်ကလည်း အစိုးရအဖွဲ့အနေနဲ့ တခြားသောပါဝင် ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖို့လိုတယ်။ တခြားပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းဆိုတာ ဥပမာအားဖြင့် လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ပေါ့။ တချို့မူးယစ်ဆေးဝါးဖမ်းဆီးရေး ကိစ္စတွေမှာ အဖြူရောင်နယ်မြေလို့ ပြောနိုင်တဲ့ နေရာတွေမှာ ထိန်းချုပ်ကန့်သတ် ဖမ်းဆီးရတာ လွယ်ကူပေမယ့် တချို့သောနေရာတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်တဲ့နေရာတွေ၊ သူတို့နဲ့ဆက်စပ်နေတဲ့ နေရာတွေမှာ ဆိုရင်တော့ မူးယစ်ဆေးဝါးကို ထိန်းချုပ်တားဆီးဖို့က အခက်အခဲတွေရှိနိုင်တယ်။ အဲဒါမျိုးကို အစိုးရအဖွဲ့ကနေ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပိုပြီးတော့ ဟန်ချက်ညီအောင်ထိန်းကျောင်းပြီးတော့ သွားရင်တော့ ပိုပြီးတော့အဆင်ပြေမယ်လို့ ယူဆပါတယ်” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို အစိုးရကနေ ရေးဆွဲပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီမူဝါအရ အစိုးရကသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးကာကွယ် တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေကို မဖြစ်မနေလုပ်ဆောင်ရမှာပါ။

မွန်ပြည်နယ်အစိုးရအဖွဲ့ကတော့ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေကို နေ့စဉ်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ကနေ မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီးတော့ တကယ့်ပင်စည်၊ ပင်ရင်းတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း လွန်စွာအားနည်းလျက်ရှိပြီး သုံးစွဲသူ အကိုင်းအခက်တွေကို ဖမ်းဆီးနိုင်တဲ့အခြေအနေမျိုးသာ ရှိနေတဲ့အတွက် ဒီမူးယစ်ဆေးဝါးအန္တရာယ်ကို စိုးရိမ်တကြီးဖြစ်နေကြတဲ့ မွန်ပြည်နယ် ပြည်သူတွေအတွက်တော့ အားမလိုအားမရ ဖြစ်နေကြတာတော့အမှန်ပါပဲ။

ဒီတော့ လူငယ်တွေရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်ကို မျှော်တွေးပြီးတော့ လူထုကြားမှာ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူးရောင်းချနေကြတဲ့ လူတွေကိုတာဝန်သိသိနဲ့ ကြိုးစားဖော်ထုတ်၊ ဖမ်းဆီးပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။           

 

Most Read

Most Recent